အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်၏ ပထမဆုံး နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ (ချုံချင့်-ရွှေလီ-မြန်မာ) အောင်မြင်စွာ ပြေးဆွဲခဲ့

Yunnan Gateway, April 7, 2023
Size:

ဧပြီလ ၃ ရက်နေ့တွင် ပေ ၄၀ ရှည်လျားသော ကွန်တိန်နာ ၃၂ လုံး တင်ဆောင်ထားသည့် အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်၏ ပထမဆုံး နယ်စပ်ဖြတ်ကျော်ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ (ချုံချင့်-ရွှေလီ-မြန်မာ) သည် ချုံချင့်မြို့ ရှောင်နန်းယာ ရထားပို့ဆောင်ရေးစင်တာမှ ထွက်ခွာခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ ပြည်တွင်း၌ တယ်ဟုန်၏ နယ်စပ်ဂိတ်များမှတစ်ဆင့် ပထမဆုံးအကြိမ် ပြေးဆွဲသည့် အနောက်ပိုင်း ကုန်းတွင်း- ပင်လယ်စင်္ကြံသစ်၏ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ရထားလမ်း-ကုန်းလမ်း ပူးတွဲပို့ဆောင်ရေး ရထားလမ်းကြောင်း ဖြစ်သည်ဟု သိရပါသည်။

ပထမဆုံး ပို့ဆောင်ရေး ရထားတွဲသည် ဓာတ်မြေသြဇာကုန်ကြမ်းများနှင့် မော်တော်ဆိုင်ကယ် ဆက်စပ်ပစ္စည်းများ စသည့် ကုန်စည် တန်ချိန် ၆ဝဝ နီးပါး သယ်ဆောင်လာပြီး ကုန်စည်တန်ဖိုးမှာ ယွမ် ၁၆ သန်းကျော် ရှိသည်။ ယူနန်ပြည်နယ် ပေါင်စန်း မြောက်ဘက်ဘူတာရုံသို့ ရောက်ရှိပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးဖြင့် တယ်ဟုန်၏ နယ်စပ်ဂိတ်များမှတစ်တင့် မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

အဆိုပါ ရထားလမ်း ဖွင့်လှစ်နိုင်သည့်အတွက် တရုတ်နိုင်ငံ ချုံချင့်မြို့မှ မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ရေး အကွာအဝေးနှင့် ကုန်ကျစရိတ်ကို များစွာ လျော့ချနိုင်မည်ဖြစ်ပြီး မိရိုးဖလာ မြစ်-ပင်လယ်လမ်းကြောင်း ပူးတွဲပို့ဆောင်ရေးအချိန်နှင့် နှိုင်းယှဉ်ပါက ရက်ပေါင်း ၂၀ ခန့် သက်သာကြောင်း သိရပါသည်။ ချုံချင့်မြို့ ကျန်းကျင်ဇုန်နှင့် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတို့သည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့အကြား အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ် အတူတည်ဆောက်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်တို့သည် လမ်းကြောင်းများ၊ ပလက်ဖောင်းများ၊ ဥယျာဥ်ဇုန်များ၊ နည်းပညာဆိုင်ရာ လူရည်ချွန်များနှင့် အခြားနယ်ပယ်များတွင် ပို၍ ကျယ်ပြန့်သော အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်ကာ တံခါးဖွင့်မှုအဆင့်ကို မြှင့်တင်သွားမည်ဖြစ်သည်။ ထို့အပြင် တည်ဆောက်နေဆဲ တရုတ်-မြန်မာ ရထားလမ်းရှိ တာ့လီ-ရွှေလီ မီးရထားလမ်း၏ ပေါင်စန်း-ရွှေလီ ရထားလမ်းပိုင်းကို ဖွင့်လှစ်ပြေးဆွဲပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းရထားတွဲများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းနယ်စပ်ဂိတ်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)