တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမြို့သစ် ပထမအသုတ်စီမံကိန်း စတင် တည်ဆောက်လျက်ရှိ

Yunnan Gateway, March 21, 2023
Size:

မတ်လ ၁၅ ရက်နေ့တွင် ရွှေလီအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမြို့သစ်၏ အထွေထွေ ကုန်စည် ပို့ဆောင်ရေးဥယျာဥ်၊ ဝမ်တိန်-ရွှေလီ လမ်းမကြောင်း စီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါ စီမံကိန်းနှစ်ခုသည် စည်ပင်လမ်းမများ၊ ဂိုဒေါင်နှင့် ကုန်စည်ပို့ဆောင်ရေး၊ အစုလိုက်အပြုံလိုက် ရောင်းဝယ်ဖောက်ကားရေး၊ အများပြည်သူဝန်ဆောင်မှုအဆောက်အအုံများ စသည့် နယ်ပယ်တို့ ပါဝင်ပြီး ရွှေလီ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမြို့သစ်၏ ပထမအသုတ်စီမံကိန်းဖြစ်ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ တရုတ်ယွမ် ၆၁၂ သန်း စီစဉ်ထားရှိကြောင်း သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။

ရွှေလီအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမြို့သစ်၏ စုစုပေါင်း တည်ဆောက်ရေးဧရိယာသည် ၄၈.၄ စတုရန်းကီလိုမီတာခန့် စီစဉ်ထားရှိပြီး စက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး အချက်အချာကျမှု၊ မြို့ပြတည်ဆောက်မှု၊ နယ်စပ်ဂိတ်ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုစသည့် နယ်ပယ်များ ပါဝင်ကြောင်း သိရပါသည်။ အဆိုပါမြို့သစ်သည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ ကုန်ချောထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး တွန်းအားပေးကာ ရွှေလီမြို့၏ အဆင့်ပေါင်းစုံ တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)