တရုတ်နိုင်ငံသည် နိုင်ငံခြားသားဗီဇာနှင့် ပြည်ဝင်ခွင့်မူဝါဒများကို ပြုပြင်ပြောင်းလဲမည်

Yunnan Gateway, March 15, 2023
Size:

တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ အပြန်အလှန် ကူးလူးဆက်ဆံရာတွင် ပိုမို အဆင်ပြေချောမွေ့ စေရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားသားများအတွက် ဗီဇာနှင့် ပြည်ဝင်ခွင့် မူဝါဒများကို ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ မှစ၍ အောက်ပါအတိုင်း ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ဦးစီးဌာနက မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၁။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့ မတိုင်မီ ထုတ်ပေးသော သက်တမ်းရှိသေးသည့် ဗီဇာများ၏ ဝင်ခွင့်လုပ်ဆောင်ချက်ကို ပြန်လည်စတင်ဖော်ဆောင်မည်ဖြစ်သည်။

၂။ နိုင်ငံရပ်ခြားတွင် အခြေစိုက်သော တရုတ်နိုင်ငံဗီဇာဌာနများသည် တရုတ်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအတွက် ဗီဇာအမျိုးမျိုးကို ပြန်လည်စစ်ဆေးပြီး ထုတ်ပေးခြင်းကို ပြန်လည်စတင်မည်ဖြစ်သည်။

၃။ နယ်စပ်ဂိတ်ဗီဇာဌာနများသည် ဥပဒေသတ်မှတ်ချက်များနှင့်ကိုက်ညီသော နယ်စပ်ဂိတ်ဗီဇာအမျိုးမျိုးကို ပြန်လည် စစ်ဆေးပြီး ထုတ်ပေးခြင်းကို ပြန်လည်စတင်မည်ဖြစ်ပါသည်။

၄။ ဟိုင်နန်သို့ ဗီဇာကင်းလွတ်ဝင်ခွင့်မူဝါဒ၊ ရှန်ဟိုင်းအပျော်စီးသင်္ဘောများသို့ ဗီဇာကင်းလွတ်ဝင်ခွင့်မူဝါဒ၊ တရုတ်နိုင်ငံ ဟောင်ကောင်နှင့် မကာအိုစသည့် ဒေသများတွင် နေထိုင်သည့် နိုင်ငံခြားသားအုပ်စုများသည် ကွမ်တုန်သို့ ဗီဇာ ကင်းလွတ်ဝင်ခွင့်မူဝါဒနှင့် အာဆီယံခရီးသွားအဖွဲ့များသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့သို့ ဗီဇာ ကင်းလွတ်ဝင်ခွင့်မူဝါဒကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ပါသည်။ (ဆောင်းပါးအရင်းအမြစ် - CCTV NEWS။ ဘာသာပြန် - Yunnan gateway)