တရုတ်-မြန်မာ လေအားလျှပ်စစ်စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနာသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး တက်‌ရောက်

lmcchina.org, March 10, 2023
Size:

ယူနန်စက်ယန္တရား သွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်း ပူးတွဲအဖွဲ့နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လေအားလျှပ်စစ်စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မတ် ၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်တို့က အခမ်းအနားသို့ တက်‌ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရပါသည်။

သံအမတ်ကြီး ချန်ဟိုင်က တရုတ်နှင့် မြန်မာကြား လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်ဖြည့်စွက်မှု အားကောင်းကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်တွင်းလျှပ်စစ်ဓာတ်အား ပြတ်လပ်မှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဓာတ်အား အပြည့်အဝ လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့် ဓာတ်အား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆက်လက်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအကြိမ်သည် ယူနန်စက်ယန္တရား သွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်သော ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းလည်း ဖြစ်ပြီး တရုတ်-မြန်မာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီးတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်သည် မြန်မာနိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ယူဆောင်လာမည် ဖြစ်ကြောင်း၊ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် နယ်ပယ်အသီးသီးတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ”နှင့် စီးပွားရေးစင်္ကြံများ တည်ဆောက်ရေးတွင် တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သံအမတ်ကြီး ချန်းဟိုင်က ပြောကြားသည်။

ဝန်ကြီး ဦးသောင်းဟန်က မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်၊ နေ‌ရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်အပါအဝင် သန့်ရှင်းသောစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတစ်ကြိမ်တွင် လေအားလျှပ်စစ်စီမံကိန်း ၃ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့အနက် ဂွမြို့၏ ပထမအဆင့်(၅၀ မဂ္ဂါဝပ်)ကို ဦးစွာဖော်ဆောင်မည် ဖြစ်ပြီး ရှေ့ပြေးစီမံကိန်း၏ အကျိုးရလဒ် ဖြစ်ပေါ်လာအောင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံး ပြီးစီးအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။