“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ ပဋိပက္ခ၊ ပိတ်ဆို့အရေးယူမှု၊ ဖိအားပေးမှုများက ပြဿနာကို မဖြေရှင်းနိုင်ကြောင်းနှင့် ယခုလိုအပ်သည်မှာ တည်ငြိမ်မှု၊ ဆင်ခြင်တုံတရားရှိမှု၊ တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား

Yunnan Gateway, March 9, 2023
Size:

ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ မေးမြန်းချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ် ၇ ရက် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ပြောကြားခဲ့သည်။ယူကရိန်းအကျပ်အတည်းသည် မူလက ရှောင်ရှား၍ရသော ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ကြောင်း၊ ယနေ့လို အခြေအနေမျိုးဖြစ်ပွားလာရခြင်းမှာ နာကျင်ကြေကွဲဖွယ် သင်ခန်းစာဖြစ်ရာ ဘက်ပေါင်းစုံက နက်နဲစွာ ပြန်လည်သုံးသပ်သင့်ပါကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် ရှုပ်ထွေးသောသမိုင်းကြောင်းယှက်နွယ်မှုနှင့်လက်တွေ့အကြောင်းအရင်းများရှိရာ ဥရောပလုံခြုံရေးစီမံမှုပဋိပက္ခ ပေါက်ကွဲလာခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကိစ္စရပ်၏ အမှားအမှန်အခြေအနေအရ အစဉ်အမြဲ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးနှင့်စစ်ပွဲတွင် ငြိမ်းချမ်းရေးကို ရွေးချယ်မည် ဖြစ်သလို တွေ့ဆုံဆွေးနွေးခြင်းနှင့် ပိတ်ဆို့အရေးယူခြင်းတွင် တွေ့ဆုံဆွေးနွေးခြင်းကို ရွေးချယ်မည် ဖြစ်ပြီး အခြေအနေတင်းမာမှုများကို ဖြေလျှော့ခြင်းနှင့်မီးလောင်ရာလေပင့် လုပ်ဆောင်ခြင်းတွင် ဖြေလျှော့ခြင်းကို ရွေးချယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အကျပ်အတည်းကို ဖန်တီးသူမဟုတ်သလို အကျပ်အတည်းဖြစ်ပွားသူလည်း မဟုတ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသော မည်သည့်ဘက်ကိုမျှ လက်နက်ပံ့ပိုးပေးခြင်း မရှိကြောင်း ၊ အဘယ်ကြောင့် တရုတ်နိုင်ငံကို အပြစ်ပုံ၍ ပိတ်ဆို့အရေးယူ ခြိမ်းခြောက်မှုများ ပြုလုပ်ရပါသနည်း၊ ထို့အပေါ် မိမိတို့အနေဖြင့် လုံးဝလက်ခံမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောကြားခဲ့သည်။

ချင်ကန်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် မိမိတို့အနေဖြင့် ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်စာတမ်းအား ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းစာတမ်းတွင် နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာကို လေးစားကြောင်း၊ စစ်အေးခေတ်အတွေးအခေါ်ကို ဆန့်ကျင်ကြောင်း၊ အပစ်အခတ်ရပ်စဲရန်၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ စတင်ရန် စသည့် အချက် ၁၂ ချက် ပါရှိ‌ရာ အဓိကမှာ တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ တွေ့ဆုံဆွေးနွေးရေး တွန်းအားပေးသည့် ကြိုးပမ်းမှုများသည် အဖန်တလဲလဲ ဖျက်ဆီးခံခဲ့ရကြောင်း၊ ပဋိပက္ခပြင်းထန်လာအောင် “မမြင်နိုင်သည့်နောက်ကွယ်”က တွန်းအားပေးပြီး ယူကရိန်းအကျပ်အတည်းဖြင့် ပထဝီနိုင်ငံရေးအကြံအစည် ထမြောက်အောင် ကြိုးပမ်းနေဖွယ် ရှိကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

လက်ရှိ ယူကရိန်းအကျပ်အတည်းသည် အရေးကြီးအချိန်အခါ ရောက်ရှိနေပြီဖြစ်ရာ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးလမ်းကြောင်းကို လျှောက်လှမ်းမလား ၊ အကျပ်အတည်းကြီးမားလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်အောင် မီးလောင်ရာလေပင်လုပ်ဆောင်မလား ဟု ချင်ကန်းက ပြောကြားခဲ့သည်။ ပဋိပက္ခ၊ ပိတ်ဆို့အရေးယူမှု၊ ဖိအားပေးမှုများက ပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ လက်ရှိလိုအပ်သည်မှာ တည်ငြိမ်မှု၊ ဆင်ခြင်တုံတရားရှိမှု၊ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်ကို အမြန်ဆုံး စတင်သင့်ကြောင်း၊ ဘက်ပေါင်းစုံ၏သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက် အားလုံးကို လေးစားသင့်ရာ ထိုမှသာ ဥရောပ၏ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)