တရုတ်-လာအို မီးရထားလမ်း၌ အသုံးပြုသည့် "CRRC" HXN5B ဒီဇယ်စက်ခေါင်းသုံး လန်ချန်း-မဲခေါင် နိုင်ငံတကာ ကုန်တင်အမြန်ရထားသည် ကူမင်းမြို့မှ မကြာသေးမီက ထွက်ခွာခဲ့ရာ တရုတ်-လာအို-ထိုင်း အသွားအပြန်ခရီးစဉ်အပြည့် မီးရထားဖြင့် သယ်ယူပို့ဆောင်ရေးကို ပထမဆုံး အောင်မြင်စွာ စတင် အကောင်အထည်ဖော်နိုင်သော အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။
တရုတ်-လာအို မီးရထားလမ်း လန်ချန်း-မဲခေါင် နိုင်ငံတကာ ကုန်တင်အမြန်ရထားသည် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ တင်ပို့ပြီး ထိုင်းနိုင်ငံရှိ ၁ မီတာရထားလမ်းသို့ ပြောင်းလဲတင်ဆောင်ကာ ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ခရီးစဉ်တစ်ခုလုံးသည် ၅၅ နာရီခန့် ကြာမြင့်ရာ ၎င်းမှာ ယခင်က ရထားလမ်း-ကုန်းလမ်း နှစ်မျိုး သယ်ယူပို့ဆောင်ရေးထက် အချိန်တစ်ရက် ပိုသက်သာပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကို ၂၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားစေပါသည်။ ရထားတွင် လတ်ဆတ်သောဟင်းသီးဟင်းရွက် ၂၈၆ တန် ပါရှိသည့် အအေးခန်းကွန်တိန်နာ ၁၉ လုံး တင်ဆောင်သွားပြီး အပြန်ခရီးတွင် ထိုင်းနိုင်ငံမှ တောကြက်မောက်၊ ဒူးရင်းနှင့် ရာသီပေါ် သစ်သီးဝလံများကို တင်လာမည် ဖြစ်သည်။
တရုတ်-လာအို မီးရထားအတွက် CRRC မှ ထုတ်လုပ်သော HXN5B ဒီဇယ်စက်ခေါင်း ခြောက်ခုကို တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် ကူမင်း၊ ယန်ဟယ်၊ ဟွနျန့်၊ နင်အော်၊ ရီရှန့်ကူနှင့် မိုဟန် စသည့် ကုန်တင်ဝန်း ၆ ခုတွင် တပ်ဆင်ထားပြီး ရထားပြေးဆွဲခြင်းလုပ်ငန်းများစွာကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
တရုတ်-လာအို မီးရထား နယ်စပ်ကုန်စည်ပို့ဆောင်ရေးသည် လာအို၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ စသော ”ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးနိုင်ငံများကို လွှမ်းခြုံထားသည်။ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ သယ်ယူပို့ဆောင်သောကုန်ပစ္စည်းအမျိုးအစားများမှာ ၁၀ ကျော်မှ အမျိုးအစား ၁၂၀၀ ကျော်အထိ တိုးချဲ့နိုင်ခဲ့သလို သယ်ယူပို့ဆောင်ရေးလိုအပ်ချက်မှာ ဆက်လက်မြင့်တက်လျက်ရှိသည်။ မေလကုန်တွင် တရုတ်-လာအို-ထိုင်း အသွားအပြန်ခရီးစဉ်အပြည့် ရထားဖြင့်ပြေးဆွဲမှုကို တစ်ရက်ခြားပြေးဆွဲနိုင်ရန်နှင့် ဇွန်လကုန်တွင် တစ်ရက်လျှင် ရထားတစ်စင်း ပြေးဆွဲသည်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။