ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်နှင့်တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖိန်ပြောကြားခဲ့သော အဓိကအကြောင်းအရာများ

Yunnan Gateway, February 16, 2023
Size:

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖိန်က ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်သည် လွန်ခဲ့သော ၃ နှစ်က အခက်အခဲများကြားမှ တရုတ်နိုင်ငံသို့လာရာက်ကာ ကိုဗစ်- ၁၉ ကပ်ရောဂါ တိုက်ဖျက်နေသော တရုတ်ပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ခဲ့ပါကြောင်း ၊ ယခုနှစ်သည် တရုတ်နိုင်ငံအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၏ လမ်းညွှန်ချက်များကို ဘက်စုံစတင်အကောင်အထည်ဖော်ဆောင်ရွက်သောနှစ် ဖြစ်သလို တရုတ်-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ထူထောင်သော ၆၅ နှစ်ပြည့်လည်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ “ ၃ နှစ်ကာလက ကတိကဝတ်”ကို ဖော်ဆောင်ကာ နှစ်သစ်နွေဦးကာလတွင် တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး‌ ခေတ်သစ်ကို ဖွင့်လှစ်ခြင်းအတွက် အထူးပင် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံပြည်သူများ၏ မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား လွတ်လပ်စွာ ရွေးချယ်မှု၊ ကမ္ဘောဒီယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းမှု၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းအရေးကြီးနိုင်ငံရေးလုပ်ငန်းစဉ်များနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တည်ငြိမ်စွာ တွန်အားပေးဆောင်ရွက်နေမှုများအား ခိုင်မာစွာ ထောက်ခံအားပေးကြောင်းနှင့် ပြည်ပအင်အားစုများက ကမ္ဘောဒီးယားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ခိုင်မာစွာ ဆန့်ကျင်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ရေးရာတွင် ကမ္ဘောဒီးယားနိုင်ငံကို အဓိကအနေဖြင့် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံမဟာဗျူဟာရှုထောင့်မှ အလေးထား တွန်းအားပေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်လမ်းစဉ် ခေတ်မီအသွင်ဖြင့် တရုတ်အမျိုးသားမဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို တွန်းအားပေးဆောင်ရွက်ရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အခွင့်အလမ်း မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူအကွမြှင့်တင်ခြင်းဖြင့် အရည်အသွေးမြင့်၊ အဆင်မြင့် စံချိန်စံနှုန်းဖြစ်သော ခေတ်သစ် တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးစီပွားများကို ပို၍ဆောင်ကြဉ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က နှစ်ဘက်အနေဖြင့် နိုင်ငံရေး၊ ထုတ်လုပ်မှုစွမ်းရည်၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍကြီး ၆ ခုမှသည် တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောက်ရွက်မှု မူဘောင်ကို အားထားဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးသည် အနည်းစုနိုင်ငံများ၏ အခွင့်ထူးခံမဟုတ်ကြောင်း၊ အယူဝါဒ ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးခြင်း၊ ကုန်သွယ်စီးပွားနှင့်သိပ္ပံနည်းပညာဆိုင်ရာ ဖလှယ်မှုများကို နိုင်ငံရေးအသွင်၊ လက်နက်အသွင်ပြောင်းခြင်း၊ “ကွင်းဆက်ပြတ်တောက်”အောင် တွန်းအားပေးခြင်း၊ အခြားသောနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဖိနှိပ်ခြင်း၊ ဒေသတွင်းနိုင်ငံများအား ဘက်ရွေးရပ်တည်ခိုင်းခြင်းသည် ဗိုလ်ကျစိုးမိုးမှုဖြစ်ရာ လူထုက နှစ်မြို့မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သမိုင်း၏မှန်ကန်သောဘက်မှ ရပ်တည်ကာ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုး တက်ရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို နိုင်ငံတကာ တရားမျှတရေးကိုလည်း ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။