လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ ရေအရင်းအမြစ်များကို ကာကွယ်ရာတွင် တရုတ်ရေကာတာများသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း

lmcchina.org, February 10, 2023
Size:

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတွင် မိုးခေါင်ရေရှားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း အရှေ့တောင်အာရှရှိ မြေကြီး၏ ၇၀ ရာခိုင်နှုန်းနှင့် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် ပြင်းထန်သော မိုးခေါင်မှုဒဏ်ကို ခံခဲ့ရသည်။ Tsinghua တက္ကသိုလ် ဆည်မြောင်းတာတမံလုပ်ငန်းဌာနမှ ပါမောက္ခ လုန်သီနှင့် ၎င်း၏ သုတေသနအဖွဲ့မှ ၂၀၂၀ မှ ၂၀၅၀ ခုနှစ်အတွင်း လန်ချန်း-မဲခေါင်မြစ်ရေ၏ ဆင့်ကဲဖြစ်စဉ်နှင့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ မိုးခေါင်မှု အလားအလာတို့ကို ခန့်မှန်းခဲ့သည်။ ၂၀၂၀ မှ ၂၀၅၀ ခုနှစ်အတွင်း လန်ချန်း-မဲခေါင်မြစ်ဝှမ်းတွင် အလွန်အမင်းခြောက်သွေ့ခြင်းနှင့် စိုစွတ်ခြင်း ဖြစ်ပွားမှု အကြိမ်ရေ ဆက်လက်များပြားနိုင်ကြောင်း သိရသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ရေအားလျှပ်စစ်စခန်းများနှင့် ရေကာတာများ ဆောက်လုပ်‌ရေးသည် အားသာချက် အားနည်းချက်များ ရှိသော်လည်း လန်ချန်း-မဲခေါင်မြစ်ဝှမ်းတွင် အားသာချက်များမှာ အားနည်းချက်များထက် သာလွန်ကြောင်း၊ လန်ချန်းမြစ်၏ ရေလှောင်ကန်များသည် မြစ်အောက်ပိုင်း ရေကြီးမှုအန္တရာယ်ကို လျှော့ချရန်အတွက် စိုစွတ်သောရာသီတွင် ရေ အတော်အတန် သိုလှောင်ထားကာ ခြောက်သွေ့ရာသီတွင် ရေများကို အချိန်မီထုတ်လွှတ်ပေးခြင်းဖြင့် စိုက်ပျိုးရေးနှင့် မြစ်ကြောင်းဆိုင်ရာ ဂေဟစနစ်အပေါ် မိုးခေါင်ရေရှားမှုဒဏ်ကို သက်သာစေမည် ဖြစ်ကြောင်း၊ ရေပမာဏကို ထိန်းညှိရန် ရေလှောင်ကန်များ မရှိလျှင် မြစ်ဝှမ်းရှိ ရေကြီးမှုနှင့် မိုးခေါင်မှု ဘေးအန္တရာယ်များက ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်ထက် ပိုမိုဆိုးရွားလာမည် ဖြစ်ကြောင်း လုန်သီက ပြောကြားခဲ့သည်။

အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့်အတူ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ၏ ကြိမ်နှုန်းနှင့် ပြင်းထန်မှုသည် သိသိသာသာ တိုးလာသည့်အခါ ရေလှောင်ကန်များ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍက ပို၍ အရေးကြီးလာမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ရေလှောင်တမံတည်ရှိရာ ဂေဟစနစ် ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်ရေးတို့ကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ သိပ္ပံနည်းကျ သုတေသနပြုခြင်း၊ အစီအစဥ်၊ ဒီဇိုင်းရေးဆွဲခြင်းတို့ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အားနည်းချက်ကို ရှောင်ကြဉ်ကာ အားသာချက်ကို ပြည့်စုံအောင် ဆောင်ရွက်မည်၊ ရေလှောင်ကန်များနှင့် ဆည်များ စသည့် ရေထိန်းသိမ်းမှုဆိုင်ရာကဏ္ဍကို အကောင်းဆုံးဖြစ်အောင် စီမံမည်ဆိုလျှင် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းပေးမည် ဖြစ်သလို မြစ်ဝှမ်းဒေသတွင် လူနှင့် သဘာဝ သဟဇာတ ဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း လုံသီက ပြောကြားခဲ့သည်။