ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီး Anutin Charnvirakul အား အင်တာဗျူးမေးမြန်းခြင်း

CRI, February 4, 2023
Size:

ယနေ့မှာ နာမည်ကြီး “အပြုံးမြို့တော်” ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကို ကျွန်မတို့ ရောက်လာပါတယ်။ ရယ်မောပြုံးရွှင်ခြင်းဆိုတာ အမြဲတမ်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ ကိုယ်စားပြုအမှတ်တံဆိပ် ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးမူဝါဒကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်လိုက်ကတည်းက ထိုင်းနိုင်ငံက တရုတ်ခရီးသွားဧည့်သည်များကို တက်တက်ကြွကြွ ကြိုဆိုခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် လေဆိပ်ကို အထူးတလည် သွားရောက်ကြိုဆိုခဲ့ပါတယ်။ နိုင်ငံအချို့က တရုတ်ခရီးသွားဧည့်သည်တွေကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေချိန်မှာ ထိုင်းနိုင်ငံက ဘာကြောင့် လုံးဝကွဲပြားတဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်တာလဲ၊ တရုတ်ခရီးသွားဧည့်သည်တွေက ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာနဲ့ပတ်သက်ပြီး ယနေ့ ဆွေးနွေးမှုမှာ လေဆိပ်ကို အထူးတလည်သွားရောက်ပြီး တရုတ်ခရီးသွားဧည့်သည်တွေကို ကြိုဆိုခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီး Anutin Charnvirakul နဲ့ ကျွန်မတို့ ဆွေးနွေးမှာဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူ - လူကြီးမင်း လေဆိပ်ကိုသွားပြီး တရုတ်ခရီးသွားဧည့်သည်တွေကို ကြိုဆိုတဲ့သတင်းက တရုတ်ဆိုရှယ်မီဒီယာမှာ အထူးရေပန်းစားတဲ့အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

Anutin - ကျွန်တော်မသိသေးဘူး၊ တကယ်လား။

အစီအစဉ်တင်ဆက်သူ - ကျွန်မဆီမှာ ဒေတာတစ်ခု ရှိပါတယ်။ ဒီသတင်းကို ဖတ်ရှု့နှုန်းက လူသန်းပေါင်း ၄၉၀ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေ သန်း ၇၀ ကို အခြေခံပြီး တွက်ချက်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ၇ ဆရှိတဲ့ လူဦးရေက ဒီသတင်းကို ဖတ်ရှုခြင်းနဲ့ ညီမျှပါတယ်။ ဒီရလဒ်က လူကြီးမင်း ယခင်က မျှော်မှန်းထားတဲ့ရလဒ်နဲ့ ကွာခြားမှုများပြားပါသလား။

Anutin - ကျွန်တော် ဘာမှမမျှော်မှန်းထားပါဘူး။ ကျွန်တော်ပြောတာတွေအားလုံးက ရင်ထဲက စကားသံတွေပါ။ ဇန်နဝါရီလဆန်းပိုင်းတုန်းက ကျွန်တော် လေဆိပ်ကိုသွားပြီး တရုတ်ခရီးသွားဧည့်သည်တွေကို ကြိုဆိုတဲ့အခါ တရုတ်မီဒီယာက ကျွန်တော့်ကို အင်တာဗျူးပြီး တရုတ်နှစ်သစ်ကူးနီးလာပြီ၊ တရုတ်ပြည်သူတွေကို နှစ်သစ်ဆုမွန်ကောင်းတောင်းပေးပါလို့ ပြောခဲ့တာကို ကျွန်တော်အမှတ်ရနေပါတယ်။ ကျွန်တော်လည်း တတ်သိသလောက် တရုတ်စကားနဲ့ “မိတ်ဆွေတို့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ထိုင်းလူမျိုးတွေက ကြိုဆိုနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကျွန်တော်က တရုတ်ခရီးသွားဧည့်သည်တွေကို ဒီလိုမျိုး ပြောကြားချင်ပါတယ်၊ သူတို့တွေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တာကို ကျွန်တော်တို့က စိတ်ရင်းနဲ့ ကြိုဆိုနေတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်။ “နှစ်သစ်မှာပျော်ရွှင်ပါစေ” လို့ နောက်ဆုံးမှာ ကျွန်တော်ပြောကြားခဲ့ပါတယ်။ ဒါဟာ သာမန်အင်တာဗျူးတစ်ခုပဲလို့ ကျွန်တော်ထင်ခဲ့တာ၊ လူသန်းပေါင်း ၄၉၀ က ဒီသတင်းကို မြင်တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

အစီအစဉ်တင်ဆက်သူ - မနေ့က ကျွန်မတို့ ဘန်ကောက်က လမ်းတွေပေါ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ်။ တရုတ်ခရီးသွားဧည့်သည်တွေကို ကြိုဆိုဖို့အတွက် ကုန်သည်အချို့က ပြင်ဆင်မှုတွေအမျိုးမျိုး ပြုလုပ်ထားတယ်။ တရုတ်ဘာသာစကားနဲ့ ဟင်းလျာမီနူးတွေ ပြင်ဆင်ထားခြင်း၊ တရုတ်စကားသင်ယူခြင်း စသဖြင့်ပါပဲ။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် တရုတ်ခရီးသွားဧည့်သည်တွေက ဘယ်လောက်အရေးပါသလဲ။

Anutin - တရုတ်နိုင်ငံအစိုးရက ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲရေးအစီအမံများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီးနောက် တရုတ်ပြည်သူတွေ ပြည်ပထွက်ခွာခရီးသွားတဲ့အခါ နံပါတ်တစ်ရွေးချယ်တဲ့နိုင်ငံက ထိုင်းနိုင်ငံဖြစ်တာကို အားလုံး ရှင်းရှင်းလင်းလင်း သိမြင်လာချိန်မှာ ဒါဟာ ထိုင်းပြည်သူတွေကို အလွန်အမင်း ဝမ်းသာပြီး စိတ်လှုပ်ရှားစေပါတယ်။ တရုတ်ခရီးသွားဧည့်သည်တွေက ထိုင်းနိုင်ငံကို အပန်းဖြေခရီးထွက်ရန် ရွေးချယ်ကြပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ယင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အလွန်အရေးပါတဲ့ ခရီးသွားဧည့်သည်အရင်းအမြစ် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တရုတ်ခရီးသွားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာခြင်းဟာ ထိုင်းနိုင်ငံအတွက် အများကြီးအဓိပ္ပာယ်ရှိတယ်။ ထိုင်းနိုင်ငံကို ကပ်ရောဂါရဲ့ ရိုက်ခတ်မှုမှ လွတ်မြောက်စေပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကူညီပေးပါတယ်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ထိုင်းနိုင်ငံရဲ့ တမူထူးခြားတဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို ထပ်မံပြသပြီး ထိုင်းနိုင်ငံအပေါ် နှစ်သက်မှုကိုလည်း နက်ရှိုင်းလာစေပါတယ်။