မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားကတည်းက ပထမဆုံး မြန်မာ့ခရီးသွားပြပွဲ ကျင်းပ

Yunnan Gateway, January 28, 2023
Size:

မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် သုံးရက်ကြာ မြန်မာ့ခရီးသွားပြပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ကျင်းပခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ် တွေမှာ ဒီလိုပွဲမျိုးမကျင်းပနိုင်ပါဘူး။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ကျွန်တော်တို့ အသင်းက ကြီးမှူးပြီး ခရီးသွားပြပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က ဆင်ဟွာသို့ ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ခရီးသွားပြပွဲအား ကျင်းပရန် စီစဉ်ခဲ့သော်လည်း COVID-19 ကပ်ရောဂါနှင့် အခြားသော အခြေအနေများကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် တဖြည်းဖြည်း ပြန်လည် ဦးမော့လာသောကြောင့် ခရီးသွား ကုမ္ပဏီများနှင့် ခရီးသွားကြမည့်သူများအတွက် နှစ်ဘက် အကျိုးရှိစေရန် ရည်ရွယ်ပြီး ခရီးသွားပြပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုပြပွဲမှာ ခရီးသွားမယ့်သူတွေအနေနဲ့ အမျိုးမျိုးသော ခရီးသွားအစီအစဉ်တွေအကြောင်း စုံစမ်းမေးမြန်းနိုင်ပြီး လျှော့စျေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ခရီးသွားကုမ္ပဏီတွေက သူတို့ရဲ့ ခရီးစဉ်တွေကို ခရီးသွားမယ့်သူတွေဆီမှာ တိုက်ရိုက်ရောင်းချပြီး သူတို့ရဲ့ခရီးစဉ်တွေနဲ့ပတ်သက်ပြီး အရောင်းမြှင့်တင်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတိုးတက်လျက်ရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားဖြစ်လေကြောင်းလိုင်းများ စတင်ပြေးဆွဲသည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်မှုလည်း တိုးတက်လာခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလမှစတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမ ၈ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၁၇၀,၀၀၀ ကျော် လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ အလားတူကာလတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၈၂,၀၄၈ ဦး ရှိခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်လာရောက်မှုက ပိုမိုမြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာ့ခရီးသွားပြပွဲကို ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)