တရုတ်ခရီးသည်များ လာရောက်လည်ပတ်ရန် အရှေ့တောင်အာရှနိုင်ငံများ စောင့်မျှော်နေ

CRI, January 16, 2023
Size:

မကြာသေးမီက တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ပြုပြင်ကောင်းမွန်စေခဲ့ပါသည်။ ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ တရုတ်ပြည်သူများသည် နိုင်ငံခြားသို့ သွားရောက်လည်ပတ်ရန် စနစ်တကျပုံမှန်ပြန်ဖြစ်လာခဲ့ပါသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားစသည့် အရှေ့တောင်အာရှနိုင်ငံများသည် ယင်းကို စိတ်အားထက်သန်စွာ တုံ့ပြန်ပြီး တရုတ်ခရီးသည်များကို ဆွဲဆောင်ရန် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ကြပါသည်။

ခရီးသွားလာရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မကြာမီက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပခဲ့သည့် မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မီးခိုးကင်းစင်သော စက်မှုလုပ်ငန်းဖြစ်သည့် ခရီးသွားလာရေးကို ဖွံ့ဖြိုးတိုးတက်ရန် အားကိုးမှု အရှိဆုံးဈေးကွက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်ခရီးသည်များ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြင်ပလောကသို့ ပိုမိုလူသိများလာစေရန် လန်ချန်း-မဲခေါင် ခရီးသွားလာရေးမြို့များ ပူးပေါင်းဆောင်ရွက်ရေးသမဂ္ဂ (Lancang-Mekong Tourism Cities Cooperation Alliance) စသည့်ဖလက်ဖောင်းများကို အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းအရ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသည်ဦးရေ ၄ သန်း ၃ သိန်း ၆ သောင်း ရှိပြီး ၎င်းအနက် တရုတ်ခရီးသည်ဦးရေ ၁ သန်း ၄ သိန်း ကျော် ရှိကာ ၃၂ ရာခိုင်နှုန်း ပါဝင်ခဲ့ပါသည်။