“မင်္ဂလာ”မဂ္ဂဇင်း နှစ် ၃၀ ပြည့် တရုတ်-မြန်မာ ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲနှင့် Flash mob လှုပ်ရှားမှု အစီအစဉ် တယ်ဟုန်သို့ ရောက်ရှိ

Yunnan Gateway, January 3, 2023
Size:

“အခု ကျွန်တော်တို့ရဲ့ ရမှတ်က ၂း ၅ ဖြစ်နေပြီ။” ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် “မင်္ဂလာ”မဂ္ဂဇင်း နှစ် ၃၀ ပြည့် တရုတ်-မြန်မာ ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲနှင့် flash mob လှုပ်ရှားမှုအစီအစဉ်၏ တတိယပိုင်း လှုပ်ရှားမှုကို တယ်ဟုန် တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ကျင်းပခဲ့ပါသည်။

“တရုတ်မှာ မြန်မာ့ရိုးရာအားကစားနည်းတစ်မျိုးဖြစ်တဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တွေ့ရတာ ကျွန်တော့်အနေနဲ့ စိတ်ရွှင်လန်းနှစ်သက်ရပါတယ်။” ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် ၎င်းပိုက်ကျော်ခြင်းဆိုင်ရာလှုပ်ရှားမှုအတွက် ခံစားချက်ကို ယခုကဲ့သို့ ဖော်ပြခဲ့ပါသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နှင့်မြန်မာ နှစ်ဦးနှစ်ဖက်မှ ကိုယ်စားလှယ်အဖွဲ့သည် ပြိုင်ပွဲ ၃ ပွဲ ကစားခဲ့ကြခြင်းဖြစ်ပြီး တရုတ်နှင့်မြန်မာအဖွဲ့ ပိုက်ကျော်ခြင်းယှဉ်ပြိုင်ခြင်း ၂ ပွဲနှင့် ချစ်ကြည်ရေးရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲတစ်ပွဲ ဖြစ်သည်။ ပြိုင်ပွဲ၏သတ်မှတ်ချက်အရ အဖွဲ့တစ်ဖွဲ့က အမှတ် ၁၅ ရရှိလျှင် အောင်မြင်မှုရရှိသည်။ ထို့ကြောင့် ပြိုင်ပွဲတွင် နှစ်နိုင်ငံမှ ခြင်းလုံးအားကစားသမားများသည် တက်ကြွစွာ ပါဝင်ယှဥ်ပြိုင်ကြပြီး ထူးချွန်ကျွမ်းကျင်သောစွမ်းရည်များကို ပြသခဲ့သဖြင့် လက်ခုပ်တီးသံများသည် လှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ် ထွက်ပေါ်ခဲ့သည်။ ချစ်ကြည်ရေးရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပရာတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် ကိုယ်တိုင် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ “မြစ်ညာအစ၊ ဤဒေသတွင်၊ ကျွန်လျှင်နေ၍၊ အကြေမြစ်သာ၊ ထိုနေရာတွင်၊ သင်ကနေ၏။ မြစ်တွေစီးဆင်း၊ တစ်မြစ်တွင်းမှ၊ ကြည်စွသည်ရေ၊ တူလေသောက်သုံး၊ ချစ်ကြင်အဆုံးမရှိပြီ။” ခြင်းလုံးသည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအားကစားအဖွဲ့များအကြား အပြန်အလှန် ကမ်းလှမ်းနေပြီး နှစ်ဦးနှစ်ဖက်၏ နှလုံးသားကိုလည်း ပိုမို နီးစပ်လာစေသကဲ့သို့ ချစ်ကြည်ရေးသံယောဇဥ်ကိုလည်း ပိုမို နက်ရှိုင်းလာစေပါသည်။

ပိုက်ကျော်ခြင်းသည် မြန်မာပြည်သူပြည်သားများ ကြိုက်နှစ်သက်သော အားကစားနည်းတစ်မျိုးဖြစ်ပြီး “ခြေထောက်ဖြင့် ကစားသောဘော်လီဘော”ဟုလည်း ခေါ်ဝေါ်ကြသည်။ ဦးခေါင်းဖြင့်ခတ်ကစားခြင်း၊ ခြေဖြင့်ခတ်ကစားခြင်းဖြစ်သော်လည်း ဘော်လီဘောကဲ့သို့ပင် ပြိုင်ဖက်နှစ်ဖက်အကြားတွင် ပိုက်ကွန် တပ်ဆင်ထားခြင်းဖြင့် ယှဉ်ပြိုင်ကြသည်။ ယှဉ်ပြိုင်ကြရာတွင် လက်မှလွဲ၍ ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများအားလုံးသည် ခြင်းလုံးကို ထိတွေ့ကစားနိုင်သည်။

ယခုအစီအစဉ်မတိုင်မီ ၎င်းလှုပ်ရှားမှုသည် ဒီဇင်ဘာ ၂၂ ရက်နေ့၊ ၂၅ ရက်နေ့များ၌ မြန်မာနိုင်ငံရန်ကုန်မြို့နှင့် မန္တလေးမြို့၌ အသီးသီးကျင်းပခဲ့ပါသည်။ ယခု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ၌ ကျင်းပခဲ့သောပြိုင်ပွဲသည် ယူနန်ပြည်နယ် တောင်အာရှနှင့်အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ၊ တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပါတီကော်မတီ ပြန်ကြားရေးဦးစီးဌာန၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဦးစီးကျင်းပပြီး တယ်ဟုန်ပြည်နယ်ခွဲ ပညာရေးနှင့်အားကစားရေးရာဦးစီးဌာနမှ လက်ခံကျင်းပခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 

သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ။

သတင်းထောက်၊ He Rong၊ Chen Chen၊

မြန်မာစာဘာသာပြန်၊ Cao Xitong၊

တည်းဖြတ်သူ၊ ဦးဘဦး၊

ဗီဒီယိုနှင့်ပုံ၊ Li Wenjun။