တရုတ်စာသင်ကြားဖို့ ပြည်တွင်းမှာ စိတ်ဝင်စားသူမြင့်တက်လာဟု ခရီးသွားလုပ်ငန်းနှင့် တရုတ်စာ သင်ကြားသူများ ဆို

CRI, December 27, 2022
Size:

ဒီဇင်ဘာ ၂၆ ရက် ည ၇ နာရီက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲမှာ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ တရုတ်စာသင်ကြားပေးသူတွေက အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ပြည်တွင်းမှာ တရုတ်စာသင်ကြားဖို့ စိတ်ဝင်စားသူများလာတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဟိုတယ်မှာဆိုရင် ဝန်ထမ်းတွေအများကြီးရှိတယ်။ အဲဒီအထဲမှာ အယောက်သုံးဆယ်လောက် တရုတ်စာ သင်နေတယ်။ လုပ်ငန်းလုပ်တဲ့အခါမှာလည်း ပိုပြီးထိရောက်လာတာပေါ့။ အရင်တုန်းကတော့ တရုတ်စာက တရုတ်တွေပဲသင်ရမယ်ဆိုတဲ့ဟာကနေ အခုကတော့ တရုတ်စာဟာ မဖြစ်မနေအသုံးချရမယ့်ဘာသာစကား ဖြစ်လာတယ်။ တရုတ်စကားက နိုင်ငံတကာမှာ ဒုတိယဦးစားပေး ဘာသာစကားဖြစ်တယ်ဆိုတာကိုလည်း သူတို့ သိလာတာပေါ့။ အခုသင်နေတဲ့ကလေးတွေကလည်း ဒီသင်တန်းပြီးရင် နောက်တစ်ဆင့် ထပ်တက်ချင်တဲ့ ဆန္ဒလည်းရှိလာကြတယ်” လို့ အဆိုပါဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ Heritage Bagan မှ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းအောင်က ပြောပါတယ်။

ပုဂံဒေသရှိ တခြားဟိုတယ်တွေအနေနဲ့လည်း သူတို့ရဲ့ဝန်ထမ်းတွေကို တရုတ်စာသင်ကြားပေးဖို့ စိတ်ဝင်စားမှုတွေရှိလာကာ သင်တန်းပေးဖို့ စီစဉ်နေတယ်လို့လည်း ၎င်းကပြောပါတယ်။

ကိုဗစ်မဖြစ်ခင် ပုဂံဒေသသို့ နိုင်ငံတကာမှ ခရီးသွားများ ဝင်ရောက်ခဲ့ရာတွင် တရုတ်နိုင်ငံသား ခရီးသွားဝင်ရောက်မှုများပြားခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ တရုတ်ခရီးသွားဦးရေ တစ်သိန်းခွဲကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်ခဲ့တယ်လို့ ဦးထွန်းထွန်းအောင်က ဆိုပါတယ်

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ Producer ဒေါ်စုသက်မှူးက တရုတ်နိုင်ငံအတွင်း ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရများနှင့်အတူ “တရုတ်ပြည်တစ်ခွင် ကမ္ဘာ့အမြင်နှင့် အနာဂတ်ခရီး” ခေါင်းစဉ်ဖြင့် ရေးသားခဲ့တဲ့ စာအုပ်နဲ့ အတွေ့အကြုံများကို ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်၊ ဆင်းရဲမှုပပျောက်ရေးစီမံချက်၊ တရုတ်နိုင်ငံရဲ့ ပညာတော်သင်ခေါ်ယူမှုစတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် Heritage Bagan ဟိုတယ်မှ ဝန်ထမ်းများကို တရုတ်စာသင်ကြားပေးနေသူ ဆရာမ ဒေါ်စန္ဒာထွန်းနဲ့ Heritage Bagan မှ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းအောင်တို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။