မြန်မာနှင့်ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်ရေးမှာ ဆင်ဆင်ခြင်ခြင်နှင့် သတိပြုသင့်သည်ဟု တရုတ်ကိုယ်စားလှယ် အလေးထားပြောကြား

CRI, December 23, 2022
Size:

ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေးဆုံးဖြတ်ချက်ကို မဲပေးဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Jun က မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်ရေးမှာ ဆင်ဆင်ခြင်ခြင်နှင့် အမြဲတစေ သတိထားသင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

Zhang Jun က တရုတ်နိုင်ငံအနေဖြင့် မကြာမီက မဲပေးဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်မူကြမ်းအပေါ် အာရုံစိုက်နေသေးကြောင်း၊ လက်ရှိအခြေအနေမျိုးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သဘာပတိ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လျှင် ပိုမိုသင့်တော်သည်ဟု တရုတ်နိုင်ငံ ယူဆကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ခဲ့သော်လည်း ဟန်ချက်မညီသေးကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ကြားနေမဲပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Zhang Jun က မြန်မာ့အရေးကို လျင်မြန်စွာကိုင်တွယ်ဖြေရှင်းရေးနည်းလမ်း မရှိကြောင်း၊ ပြင်ပကိုင်တွယ်ဖြေရှင်းရေးနည်းလမ်းလည်း မရှိကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းရေးရော အမျိုးသားပြန်လည်သင့်မြတ်ရေးပါ အချိန်၊ စိတ်ရှည်မှုနှင့် လက်တွေ့ကျ သောစိတ်ဓာတ်ကိုလိုအပ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငြိမ်းချမ်းရေး ဆက်စပ်ဆွေးနွေးပွဲ တွန်းအားပေးရန်ဟူသော မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်ထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေ တည်တံ့ပြည့်စုံမှုနှင့် တပေါင်းတစည်းတည်းဖြစ်တည်မှု အပေါ်အခြေခံပြီး မြန်မာနိုင်ငံဘက် အသီးသီးတို့အား ဆွေးနွေးပွဲ ကျင်းပပြီး သဘောကွဲလွဲမှု ပပျောက်စေရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ မြန်မာနိုင်ငံသည်အာဆီယံမိသားစုဝင်ဖြစ်သဖြင့် အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် တမူထူးခြားသောအားသာချက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဆီယံအဖွဲ့၏ထင်မြင်ယူဆမှုကို ဆက်လက်ကြားနာပြီး “အာဆီယံနည်းလမ်း” ကို လေးစားကာ အာဆီယံအဖွဲ့၏ စည်းလုံးညီညွှတ်မှုနှင့် ဦးဆောင်မှုအဆင့် နေရာကို ထောက်ခံသင့်ကြောင်း၊ အာဆီယံအဖွဲ့မှ သဘောတူညီမှု ရရှိပြီး အခန်းကဏ္ဍမှ ပါဝင်ရန်အတွက် လိုအပ်သော အခြေအနေကို ဖန်တီးပေးပြီး အချိန်နှင့် နေရာကို ချန်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Zhang Jun က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်ရေးမှာ ဆင်ဆင်ခြင်ခြင်နှင့် သတိထားသင့်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဖြင့် မြန်မာနိုင်ငံကို ဖိအားပေးပြီး အရေးယူရန် ခြိမ်းခြောက်လျှင် ပဋိပက္ခကို ပိုမိုပြင်းထန်စေပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ပိုမိုပြင်းထန်စေကာ အခြေအနေကို ပိုမိုရှုပ်ထွေးစေ၍ အကျပ်အတည်း အချိန်ပိုမို ကြာရှည်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Zhang Jun က တရုတ်နှင့်မြန်မာနှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး တရုတ်နိုင်ငံသည် မြန်မာပြည်သူတစ်ရပ်လုံးကို မူတည်ပြီး မြန်မာနိုင်ငံအား ချစ်ခင်ရင်းနှီးသော မူဝါဒများကို ကျင့်သုံးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊လူမှုရေးတည်ငြိမ်ပြီး ပြည်သူများ အေးချမ်စွာ နေထိုင်ကာ လုပ်ငန်းများဆောင်ရွက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ရိုးသားစွာ မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေဖြင့် တရားမျှတသော သဘောထားဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှု တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး၊ ပြည်သူလူထု နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်စေရေးအတွက် တတ်နိုင်သမျှအကူအညီပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နိုင်ငံရေးနည်းလမ်းဖြင့် မြန်မာပြည်သူများ၏ အရင်းခံအကျိုးစီးပွား၊ ဒေသတွင်း စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းပေးနိုင်သည့် ကိစ္စရပ်များကို ပိုမိုများပြားစွာ လုပ်ပေးရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။