တရုတ်ပညာသင်ဆုအစီအစဉ်က မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား အကျိုးပြု

Yunnan Gateway, December 12, 2022
Size:

Bank of China (BOC) ပညာသင်ဆုနှင့် ထောက်ပံ့ကြေးအစီအစဉ်ကို ရန်ကုန်မြို့တွင် တရားဝင်စတင်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူ အယောက် ၁၀၀ အား အကျိုးပြုနိုင်ခဲ့သည်။ မဝိုင်းသီရိအောင်သည် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာအထူးပြုဘာသာရပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ပထမနှစ်ကျောင်းသူဖြစ်ပြီး ပညာသင်ဆုလက်ခံရရှိသော ကျောင်းသား/ကျောင်းသူ အယောက် ၁၀၀ အနက် တစ်ဦးဖြစ်သည်။

“ကျွန်မတို့ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့အချိန်မှာ ဒီလိုပညာသင်ထောက်ပံ့ကြေးရလိုက်တဲ့အတွက် ဆက်လက်ပညာသင်ကြားဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။

ပညာသင်ထောက်ပံ့ကြေး ဆုပေးပွဲအခမ်းအနားတွင် မဝိုင်းသီရိအောင်က ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

Bank of China (BOC) ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်း မိတ်ဆက်ပွဲနှင့် ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

“အခုရရှိတဲ့ ပညာသင်ထောက်ပံ့ငွေများကိုလည်း ကျွန်မတို့ရဲ့ ပညာသင်ကြားရေးမှာ အသုံးပြုပြီး ထူးချွန်ထက်မြက်တဲ့ ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ နိုင်ငံ့အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကျိုးပြုသွားပါ့မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါ်ခင်ချစ်ချစ်ကလည်း Bank of China (BOC) ၏ ပညာသင်ဆုနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

Bank of China (BOC) ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်း မိတ်ဆက်ပွဲနှင့် ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ ကျင်းပရာ ပါဝင်တက်ရောက်သူများ စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

“ငွေကြေးအခက်အခဲများကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့သော ကျောင်းသား/ကျောင်းသူများစွာ ရှိပါတယ်၊ ယခု ကျင်းပပြုလုပ်သော ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်းလုပ်ငန်းစဉ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား/ကျောင်းသူများစွာကို ပညာရေးဆုံးခန်းတိုင်အောင် အေးချမ်းစွာ ပညာသင်ယူနိုင်ရန်တွက် အင်မတန် အထောက်အပံ့ဖြစ်ပြီး များစွာ အကျိုးရှိစေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

BOC ပညာသင်ဆုပေးပွဲအခမ်းအနားကို ပူးတွဲကျင်းပပေးခဲ့သည့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office) ကိုလည်း ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခင်ချစ်ချစ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office) သည် ပေါက်ဖော် ပညာသင်ဆု စီမံကိန်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု စီမံကိန်း၊ Panda Pack စီမံကိန်း နှင့် Smiling Children စီမံကိန်းအပါအဝင် စီမံကိန်း ၁၀ ခု ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အမှာစကားပြောကြားရာတွင် Bank of China (BOC) မှ မြန်မာနိုင်ငံ ပညာရေးကဏ္ဍကို ပံ့ပိုးပေးခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

“ယခုလို Scholarship Program များဟာ Scholarship ရရှိသူရဲ့ ပညာရေးအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းစေရုံသာမက မိသားစုတွေရဲ့ လူမှုစီးပွားနဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ပါ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ် ”ဟု ၎င်းက ပြောကြားခဲ့သည်။

Bank of China (BOC) ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်း မိတ်ဆက်ပွဲနှင့် ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ ကျင်းပရာ ပါဝင်တက်ရောက်သူများ စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က အခမ်းအနားအမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆု အစီအစဉ်များကို နည်းလမ်းအသွယ်သွယ်ဖြင့် ပေးအပ်၍ တရုတ်နိုင်ငံတွင် ပညာသင်ကြားရန် အခွင့်အလမ်းများပံ့ပိုးပေးပြီး စွမ်းရည်တည်ဆောက်မှုတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး ချန်းဟိုင်က တရုတ်နိုင်ငံသည် ပညာရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပြီး မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်း၊ ဌာနများနှင့် တရုတ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားကို Bank of China (BOC) နှင့် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့၏ အကြီးတန်းအမှုဆောင်အရာရှိများက ပေကျင်းနှင့်ဟောင်ကောင်တို့မှ ဗွီဒီယိုလင့်ခ်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

BOC အစီအစဉ်သည် လာမည့်လေးနှစ်အတွင်း ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူ/ကျောင်းသား အယောက် (၁၀၀) အား ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)