“တစ်မြစ်တည်းရေ တူစုံသောက်သုံး၍ ခေတ်သစ်အကျိုး အတူဖွံ့ဖြိုးစေ”ဟူသော ” ၂၀၂၂ ခုနှစ် စီချွမ်း၊ ချုံချင့်ဒေသ-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က စီချွမ်းပြည်နယ် ယီပင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန သံအမတ်ကြီး ဝမ်ဖူခန်း၊ ချိန်တူးမြို့ရှိ ထိုင်းနိုင်ငံ ယာယီကောင်စစ်ဝန်ချုပ် ဝမ့်လန်မုန့်စသည်တို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ချုံချင့်မြို့ရှိမြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးစသည်တို့က ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာများ ပို့ပေးခဲ့ကြောင်း သိရသည်။
လန်ချန်း-မဲခေါင် နိုင်ငံ ၆ နိုင်ငံသည် တစ်မြစ်တည်းရေ တူစုံသောက်သုံး၍ မိသားစုကဲ့သို့ ရင်းနှီးမှု ရှိကြကြောင်း ဝမ်ဖူခန်းက ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးပြီး ရလဒ်များက သိသာထင်ရှားရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ”ရွှေရောင်ဂုဏ်စံနမူနာ” အဖြစ် အောင်မြင်စွာ ဖော်ဆောင်ခဲ့ကြောင်း၊ စီချွမ်းပြည်နယ်နှင့် ချုံချင့်မြို့သည် တရုတ်နိုင်ငံ အနောက်တောင်ဒေသရှိ အရေးပါသော ပြည်နယ်နှင့် မြို့ ဖြစ်ကာ ပထဝီဝင်အနေအထားအရ မဲခေါင်မြစ်နိင်ငံများနှင့် နီးကပ်ပြီး ကူးလူးဆက်ဆံမှု များပြား၍ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကောင်းနှင့် ဒေသတည်နေရာ၏ အားသာချက်များ ရှိကြောင်း၊ နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံနှင့် ကျယ်ပြန့်စွာ နှီးနွှယ်ဖလှယ်ရန်၊ တစ်စုတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်ရန်၊ ပူးပေါင်းဆောင်ရွက်ရေး စုစည်းအားထားဆောင်ရွက်ရန် မျှော်လင့်သလို လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၏စီးပွားရေးရပ်ဝန်းတည်ဆောက်ရေးကို တွန်းအားပေးရန်၊ ပိုမိုနီးကပ်သောလန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဝမ်ဖူခန်းက ပြောကြားခဲ့ပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် မဲခေါင်မြစ်ဒေသခွဲနိုင်ငံများ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲ တည်ဆောက်ရေးယန္တရား၌ ပါဝင်မှုအား ထိုင်းနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း ဝမ့်မုန့်လန်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနဖြင့် တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒ ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ရန် ဆန္ဒ ရှိကြောင်း၊ စီချွမ်းပြည်နယ်နှင့်အတူ ဖိုရမ်၏ပလပ်ဖောင်းအသစ်မှတစ်ဆင့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် မဲခေါင်မြစ်ဒေသခွဲစီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်သွားလိုကြောင်း ဝမ့်လန်မုန့်က ပြောကြားသည်။
ဖိုရမ်အခမ်းအနားတွင် စီချွမ်းပြည်နယ်နှင့် ချုံချင့်မြို့ဒေသ-မဲခေါင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုရလဒ်များပြခန်းကို ကျင်းပခဲ့ရာ လတ်တလောနှစ်များအတွင်း စီချွမ်းပြည်နယ်၊ ချုံချင့်မြို့၊ ယီပင်မြို့နှင့် မဲခေါင်နိုင်ငံများ၏ စိုက်ပျိုးရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှု၊ အပြန်အလှန်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာနှင့် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ စသည့်ကဏ္ဍများတွင် ရရှိသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ပြသထားသည်။