ထိုင်းကုန်စည်များ ထပ်မံရောင်းအားကောင်းရန် မျှော်လင့်သည်ဟု ထိုင်းနိုင်ငံသား ကျောက်နင်ရှင်းမှ ဆို

Yunnan Gateway, November 17, 2022
Size:

“နှစ်စဥ် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ ကျွန်တော်တို့ရဲ့ကုန်စည်တွေ ရောင်းအား ကောင်းလာတာနဲ့အမျှ ဧည့်သည်တွေလည်း တိုးလာတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ သိုလှောင်ထားတဲ့ကုန်စည်တွေက အလုံအလောက်ရှိနေတယ်။ တရုတ်-တောင်အာရှကုန်စည်ပြပွဲ ကြိုဆိုဖို့ ကျွန်တော်တို့စီစဥ်ထားပါပြီ” ဟု ထိုင်းနိုင်ငံသား ကျောက်နင်ရှင်းက ပြောသည်။ ကျောက်နင်ရှင်းသည် ကူမင်း Yunfang Jiaduojia အပန်းဖြေသွားရည်စာဆိုင်၏ ဆိုင်ရှင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် သူသည် ကူမင်းမြို့တွင် ကျောင်းတက်ခဲ့ပြီး ကျောင်းပြီးနောက် ကူမင်းမြို့တွင် နေထိုင်ခဲ့သည်။ သူက တိတ်တဆိတ်နောက်ကြောင်းပြန်တွေးရာတွင် “အရင်က ကူမင်းမြို့မှာ အရှေ့တောင်အာရှရဲ့ကုန်စည်က နည်းပါးတယ်။ ကျွန်တော်က ထိုင်းနိုင်ငံထုတ် အိတ်တွေ၊ လက်ဝတ်ရတနာများကဲ့သို့ လက်မှုပစ္စည်းတွေကို တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ ပြသခဲ့တယ်။ လူကြိုက်များတယ်”ဟု ပြောကြားခဲ့သည်။ ထို့နောက် သူသည် ယူနန်သူယူနန်သားများ၏ ထိုင်းအစားအစာ လိုအပ်ချက် များလာသည်ကို မြင်တွေ့သောကြောင့် ထိုင်းသွားရည်စာဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့သည်။ ယခုအချိန်တွင် သူ၏ စီးပွားရေးလုပ်ငန်းသည် တိုးချဲ့လျက်ရှိသည်။

“ကျွန်တော်တို့ဆိုင်မှာ ကုန်စည်အမျိုးအစားပေါင်း ၃၀၀ ကျော်ရှိတယ်။ ထိုင်းပဲနို့၊ ဖျော်ရည်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက လူကြိုက်များတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံကုန်စည်တွေအပြင် မလေးရှား၊ မြန်မာ စတဲ့နိုင်ငံတွေရဲ့ကုန်စည်တွေကိုလည်း ရောင်းချနေတယ်”ဟု သူက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားရည်စာဆိုင်အတွက် ထိခိုက်မှုရှိလာသည်။ သို့ရာတွင် သူသည် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း စွန့်ဦးတီထွင်မှုပတ်ဝန်းကျင်တွင် အမြဲတမ်းယုံကြည်မှုရှိသည်။ “တရုတ်စီးပွားရေးက နှစ်စဥ်နှစ်တိုင်း တိုးတက်နေတယ်။ ပြည်သူပြည်သားတွေကလည်း ဝင်ငွေ တိုးများနေတယ်။ စီးပွားရေးလုပ်ငန်းတည်ထောင်သူများအတွက် ဆွဲဆောင်မှုရှိတယ်။ တရုတ်-တောင်အာရှကုန်စည်ပြပွဲကျင်းပခြင်းကတဆင့် ထိုင်းကုန်စည်တွေ တရုတ်စားသုံးသူဆီကို ပိုမိုများပြားစွာ မိတ်ဆက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု သူကပြောသည်။

(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ ယူနန်နေ့စဥ်သတင်းစာ)