တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ တံခါးဖွင့်ရေးဆိုင်ရာအသံ ထုတ်ပြန်

CRI, November 4, 2022
Size:

နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်က ပထမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ကျင်းပခဲ့သည့်နောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် နိုင်ငံတကာဝယ်ယူရေး၊ ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ တံခါးဖွင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းများ ဖြစ်တည်လာပြီ ဖြစ်ပါသည်။

ယခုအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား တရုတ်ဈေးကွက်ကြီး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား စနစ်ပုံစံတံခါးဖွင့်ရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး၊ ဘက်အသီးသီးတို့အား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အခွင့်အလမ်းများကို မျှဝေခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ၄ ကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတ ရှီကျင့်ဖိန် က တံခါးဖွင့်ရေး တိုးချဲ့ပြုလုပ်ရန် အလေးထားဖော်ပြခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေရန် အဆိုပြုခဲ့ပါသည်။ လက်တွဲကြိုးပမ်းပြီး ရှေ့သို့ချီတက်ရန် ပန်ကြားခဲ့ပါသည်။

၄ ကြိမ် ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းသစ်၊ နည်းပညာသစ် သို့မဟုတ် ဝန်ဆောင်မှု စုစုပေါင်း ၁၅၀၀ ကျော်သည် ကမ္ဘာ့သို့ သို့မဟုတ် တရုတ်နိုင်ငံပြည်မကြီးသို့ ပထမဆုံးအကြိမ် ပြသခဲ့ပြီး သဘောတူညီမှု ရရှိခဲ့သည့် အရောင်းအဝယ်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၂.၃ ဘီလီယံအထိ ရှိခဲ့ကာ နိုင်ငံတကာ ကုန်သွယ်မှုမြင့်တင်ရေးနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးစက် ဖြစ်လာပါသည်။

ယနေ့ ကျင်းပသော ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်ရေးကို တစ်ဆင့်တက်တိုးချဲ့ပြုလုပ်ရန် အသံကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ပိုးလမ်းမကြီး E-commerce ပူးပေါင်းဆောင်ရွက်ရေးရှေ့ပြေးဇုန်ကို တည်ဆောက်ပြီး Belt and Road အရည်အသွေးမြင့်စွာ အတူတကွ တည်ဆောက်ဖို့ တွန်းအားပေးရန်၊ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် မြှင့်တင်ရေးမဟာဗျူဟာကို ကျင့်သုံးပြီး ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း အလျင်အမြန် တည်ဆောက်ရန်၊ တစ်ကမ္ဘာလုံး မူတည်သည့်စံနှုန်းမြင့် လွတ်လပ်သောကုန်သွယ်ရေးဇုန်ကွန်ရက် တိုးချဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစု အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မာစွာ ထောက်ခံကူညီကာ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ဖို့ တွန်းအားပေးရန် ပန်ကြားခဲ့ပါသည်။