တရုတ်နိုင်ငံခရီးစဉ်သစ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းအနာဂတ် နှီးနှော ဖလှယ်ပွဲကျင်းပ

CRI, October 31, 2022
Size:

တရုတ်နိုင်ငံ၏ ခရီးစဉ်သစ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းအနာဂတ် နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်တွင် Zoom ဗီဒီယို အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိန်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့သလို ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုက အိမ်နီးချင်းမြန်မာအတွက် အကျိုးရှိစေသလို အနာဂတ်အတွက် ပိုမိုကောင်းမွန်သည့်ရလဒ်များ၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးရေးနှင့် စီးပွားရေးအနာဂတ်ခရီးတွင် ပူးပေါင်းဆောင်ရွက်ကြရင်း တစ်ရာအားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ဟူသည့် စကားအတိုင်း အတူပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း စသည့်အချက်များကို ဆွေးနွေးပြောကြားသွားခဲ့ကြသည်။

ထို့နောက်တွင် နှစ်နိုင်ငံယဉ်ကျေးမှုကို အပြန်အလှန်ဖလှယ်ခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မြှင့်တင်သွားမည့်အကြောင်းအရာများကို မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ဆွေးနွေးပြောကြားခဲ့ပြီး ပေါက်ဖော်မဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်သူ ဦးရဲနိုင်စိုးက တရုတ်ပြည်၏ပုံစံသစ်လမ်းကြောင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးခရီးစဉ် အကြောင်းကိုဆွေးနွေးခဲ့ကြသလို လက်ရှိတွင် တရုတ်ပြည်သည် ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီးဖြစ်သည့် ကိုဗစ်- ၁၉ ကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှုခရီးလမ်းများကို ဆက်လက်လျှောက်လှမ်းနိုင်ခဲ့သလို အခြားနိုင်ငံများကို ကျန်းမာရေးဆိုင်ရာပစ္စည်းများ ပံ့ပိုးပေးထားကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သလို မန္တလေး ဖူချင့်ကွန်ဖြူးရှပ် စာသင်ကျောင်း ကျောင်းအုပ်ကြီး Li Zuqing က တရုတ်နိုင်ငံ၏ခရီးစဉ်သစ်မှ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး အနာဂတ်နှင့် ပတ်သက်သည့် အကြောင်းများကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ပုဂံနှင့် မန္တလေးတို့၌ တရုတ်ဘာသာစကား သင်ကြားပေးသည့်အခြေအနေကို ပြောပြခဲ့သည်။

ကချင်ပြည်နယ် ယူနန်ဘုံကျောင်း ဥက္ကဋ္ဌ Gao Zhongpin ကလည်း “တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်သည့် ခေတ်သစ်ရလဒ်သည် ကမ္ဘာတစ်ဝန်းမှအာရုံစိုက်မှုရရှိ” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး The Northern Light မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းတင် ခေါ်  သီဟအောင်က “တရုတ်နိုင်ငံ၏ခရီးစဉ်သစ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းအနာဂတ်အပေါ် မီဒီယာသမားတစ်ဦး၏ရှုမြင်တင်ပြချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ကမ္ဘာတွင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အင်အားကြီးနိုင်ငံများ ပေါ်ထွက်ခဲ့သလို မီဒီယာများတွင်လည်း ဖော်ပြမှုရှိကာ ဆင်နှင့်ဆိတ်ကဲ့သို့ အတူတကွယှဉ်တွဲနေထိုင်ရသည့် အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲအတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပရိုဂျူဆာလည်းဖြစ်သူ CMG မှ ဧည့်ဝန်ထမ်း ဒေါ်စုသက်မှူး က “အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံမှ တရုတ်ပုံစံခေတ်မီရေးကို လက်တွေ့ခံစားကြည့်ခြင်း” ခေါင်းစဉ်ဖြင့် တရုတ်ပြည်သို့ ရောက်ခဲ့သည့် အတွေ့အကြုံများကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေထိစပ်နေပြီး ရှေးယခင်ကတည်းက ရှည်လျားသည့် ယဉ်ကျေးမှု ရှိခဲ့ကြောင်း၊ အားကစား၊ ဓလေ့ရိုးရာ၊ အစားအသောက် အစရှိသဖြင့် ကဏ္ဍအသီးသီးတွင် တူညီသည့်ပုံစံများစွာ ရှိခဲ့သလို  ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှသည် ဖွံ့ဖြိုးမှုအနာဂတ်အတွက်မျှော်လင့်လာကြကြောင်း သိရသည်။

လက်ရှိကာလတွင် တရုတ်နိုင်သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် ၁၉ ကို ထိန်းချုပ်နိုင်ခဲ့သည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၂၀ ဝန်းကျင်လောက်ကို ကိုဗစ်ဆိုင်ရာ ဆေးဝါး၊ ပစ္စည်းများ၊ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာပစ္စည်းများကို အကူအညီပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲကို CMG မြန်မာဘာသာဌာနနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော သတင်းမီဒီယာများ၊ ဧည့်သည်တော်များ တက်ရောက်ကြသလို တက်ရောက်သူ ၁၀၀ နီးပါးရှိခဲ့ကြောင်းလည်း သိရသည်။