ရမ်ဆာရေဝပ်ဒေသဘေးမဲ့တော ဖြစ်သည့် အင်းလေးကန်

Yunnan Gateway, October 26, 2022
Size:

မြန်မာနိုင်ငံသည် သဘာဝတောတောင်၊ စမ်းချောင်းအင်းအိုင်၊ သယံဇာတ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်၊ စေတီပုထိုးများစွာနှင့် အရောင်အသွေး စုံလင်စွာ လှပနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ထိုထဲမှ တောတောင်အင်းအိုင်ဖြင့် မြန်မာနိုင်ငံ၏အလှကို တစ်မူထူးခြားစွာ ထင်ဟပ်စေသောအင်းလေးကန်သည် မြန်မာနိုင်ငံ ပြည်သူများအကြားတွင်သာမက နိုင်ငံတကာခရီးသွားလုပ်ငန်းတွင် ထင်ရှားကျော်ကြားသော ခရီးသွားနေရာများထဲမှ တစ်ခု ဖြစ်သည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည့် ရေချိုကန်ဖြစ်ပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေကန်ကြီးလည်း ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၁၁၆ စတုရန်းကီလိုမီတာခန့် ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၈၈၀ မီတာတွင် တည်ရှိသည်။ အင်းလေးကန်သည် တောင်နှင့်မြောက် အလျား ၁၄.၅ ကီလိုမီတာခန့် ရှည်ပြီး အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် ၅.၆ ကီလိုမီတာခန့် ရှိသည်။ အင်းလေးကန်၏ ရေမျက်နှာပြင်ဧရိယာသည် ရာသီအလိုက် ပြောင်းလဲနေပြီး ခြောက်သွေ့သော နွေရာသီတွင် ရေအနက် ၂.၁ မီတာခန့် ရှိပြီး ရေနက်သောနေရာတွင် ၃.၇ မီတာခန့် ရှိသည်။ စိုစွတ်သောမိုးရာသီတွင် ၁.၅ မီတာခန့် ရေမျက်နှာ ပိုမို မြင့်တက်သည်။ ဒေသ၏ ပျမ်းမျှအပူချိန်သည် ၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၅၀ဝ မီလီမီတာ ရွာသွန်းလေ့ရှိပါသည်။

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ စုစုပေါင်းဧရိယာသည် ၅၃၀ဝဝ ဟတ်တာကျော် ကျယ်ဝန်း၍ ဧရိယာအတွင်း အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့ ပါဝင်သည်။ အပူပိုင်းသစ်တော၊ တောင်ပေါ်နှင့် သမပိုင်းအမြဲ စိမ်းသစ်တောများစသည်ဖြင့် သဘာဝတောနေရင်းဒေသ အမျိုးအစား စုံလင်စွာ တွေ့ရှိရပြီး အင်းစပ်တစ်လျှောက် ရွှံနွံတော၊ မြက်ခင်းပြင်၊ စိုက်ပျိုးမြေနှင့် အခြားအမျိုးအစား များကိုလည်း တွေ့ရှိနိုင်သည်။

အဖိုးတန်လှသော ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် “အရေးကြီးသော ငှက်နှင့် ဇီဝမျိုးစုံမျိုးကွဲဧရိယာ” (IBA) အဖြစ် စာရင်းသွင်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ယူနက်စကိုမှ “လူသားနှင့် ဇီဝအဝန်းနယ်မြေ” (UNESCO Bioshpere Reserve) အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ရမ်ဆာရေဝပ်ဒေသဘေးမဲ့တော (Wetland of International Important Ramsar Site) အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀ဝ၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့‌ကြောင်း သိပါသည်။ ရမ်ဆာကွန်ဗင်းရှင်းမှ မြန်မာနိုင်ငံအတွင်း ရမ်ဆာရေဝပ်ဒေသ ဘေးမဲ့တော ၅ ခု သတ်မှတ်ပေးခဲ့သည်။ မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့ ဖြစ်ကြသည်။

အင်းလေးကန်ရမ်ဆာရေဝပ်ဒေသဘေးမဲ့တောတွင် တိရစ္ဆာန်နှင့် အပင် အရင်းအမြစ်များ ကြွယ်ဝလှပါသည်။ အချက်အလက်များအရ အင်းလေးကန်ရေဝပ်ဒေသဘေးမဲ့တောအတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ရေငှက်မျိုးစိတ် ၉၇ မျိုး၊ ငါးမျိုးစိတ် ၅၉ မျိုး၊ လိပ်မျိုးစိတ် ၃ မျိုး၊ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါမျိုးစိတ် ၂၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုး၊ ရေညှိ ၁၂ မျိုးတို့ မှတ်တမ်းတင်ထားခဲ့ပါသည်။ ထို့အပြင် မိုင်ထောင်ချီ ခရီးလည်ပတ်သွားလာနေသော ဆောင်းခိုငှက်များသည်လည်း အင်းလေးကန်ရေဝပ်ဒေသဘေးမဲ့တောအတွင်းသို့ ဆောင်းခိုရန် နှစ်စဉ်ရောက်ရှိကြပြီး ဒေသတွင်း အမြဲနေထိုင်လျက်ရှိသည့်ငှက်များနှင့်အတူ နေထိုင်လျက် စားသောက်လျက်ရှိကြောင်း သိရပါသည်။

အင်းလေးကန်ကို ဝန်းရံပြီး တည်နေသည့် နယ်ချင်းစပ်ကျေးရွာမြို့နယ် ၆ ခုတို့၌ နေထိုင်ကြသူပေါင်း ၇ သောင်းခန့် ရှိပြီး အင်းသားလူမျိုး၊ ပအိုဝ်လူမျိုး၊ ဓနုလူမျိုး စသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ကြသည်။ ကန်အတွင်း နေထိုင်သူတို့သည် အင်းလေးရေပြင်အထက် ကျွန်းမျောများကို အခြေပြု၍ စိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာ တံငါငါးဖမ်းလုပ်ငန်းများ လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါသည်။

အင်းလေးကန်သည် ကြွယ်ဝသော သဘာဝစွမ်းအား အရင်းအမြစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ကာ မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရမ်ဆာရေဝပ်ဒေသဘေးမဲ့တောအဖြစ် ရွေးချယ်ခံရပြီးနောက် ၎င်းသည် စိတ်ဝင်စားခံရမှု ပိုများလာပြီး နိုင်ငံတကာခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်ခဲ့ပါသည်။

သို့သော်လည်း များပြားလာသော ခရီးသွားများကြောင့် အလွန်လှပသော အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ခရီးသွားများလည်းကောင်း ဒေသခံများလည်းကောင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်သိစိတ် ထားရှိသင့်ကာ ပလတ်စတစ်ထုတ်ကုန်များ သုံးစွဲမှုကို လျှော့ချသင့်ပြီး ရေဝပ်ဒေသများ၏ ဇီဝမျိုးစုံမျိုးကွဲများကို သတိရှိရှိ ကာကွယ်သင့်ရသည်။ သက်ဆိုင်ရာဌာနများသည်လည်း သက်ဆိုင်ရာ အလုပ်များကို ဆောင်ရွက်ရမည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘောတရားကို တက်ကြွစွာ ဝါဒဖြန့်ကာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော လုပ်ရပ်များကို စည်းကမ်းကြပ်မတ်စွာဖြင့် ထိန်းချုပ်မှသာ အင်းလေးကန်၏ သဘာဝအလှနှင့် ရှားပါးလှပသော တိရစ္ဆာန်မျိုးစိတ်များ၏ နေရပ်တစ်ခုဖြစ်‌သော အင်းလေးကန်ကို ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်များနှင့်‌ နောင်လာနောက်သားများပါ ဆက်လက် မြင်တွေ့နိုင်ခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။

ဆောင်းပါးရှင်--J Jay Lin(မြန်မာ)