ရှီကျင့်ဖိန်အား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် နိုင်ငံများစွာမှ နိုင်ငံရေးပါတီခေါင်းဆောင်များ ဂုဏ်ပြုထောမနာပြု

CRI, October 26, 2022
Size:

မကြာမီက နိုင်ငံများစွာမှ နိုင်ငံရေးပါတီခေါင်းဆောင်များသည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဆက်လက်ပေးပို့ပြီး ရှီကျင့်ဖိန်အား တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် လှိုက်လှဲစွာဂုဏ်ပြုထောမနာပြုခဲ့ပါသည်။

တောင်ကိုရီးယားသမ္မတ Yun Seok-yeol က အဆွေတော်အား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုထောမနာပြုကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုရင်းနှီးပြီး ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှဒေသ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးတို့ကို ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချမ်းသာကြွယ်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် Kishida Fumio က အဆွေတော်အား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံရခြင်းအတွက် လှိုက်လှဲစွာ ဂုဏ်ပြုထောမနာပြုကြောင်း၊ ဂျပန်-တရုတ်နှစ်နိုင်ငံတို့သည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသောတာဝန်ကို ထမ်းဆောင်ကြကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့် ဆက်သွယ်မှုကို မြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဂျပန်-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို ရှင်းလင်းဖော်ပြပြီး အပြုသဘောဆောင်သော တည်ငြိမ်သည့် ဂျပန်-တရုတ်ဆက်ဆံရေး ထားရှိဖို့ အင်တိုက်အားတိုက် တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အစိုးရဝန်ကြီးချုပ် ဟွန်ဆန် က အဆွေတော်၏ ထက်မြက်မှန်ကန်သောဦးဆောင်မှုကြောင့် တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်လုပ်ငန်းတွင် တစ်ကမ္ဘာလုံးအာရုံစိုက်ကြသော ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အဆွေတော်၏ အမြော်အမြင်ရှိခြင်းနှင့် လက်တွေ့ဖော်ဆောင်ခြင်း စိတ်ဓာတ်ဖြင့် တရုတ်နိုင်ငံကို ဦးဆောင်ပြီး ပိုမိုကြီးမားသောအောင်မြင်မှုသစ်များကို အဆက်မပြတ် ရရှိမည် ဖြစ်ကာ ဒုတိယနှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေးရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်လိမ့်မည်ဟု မိမိ အပြည့်အဝ ယုံကြည်ကြောင်း၊ အဆွေတော်နှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး ကမ္ဘောဒီးယား-တရုတ်ဆက်ဆံရေးနှင့် ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေး အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ် ရောက်ရှိရန် တွန်းအားပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။