တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပသည့်အခါသမယတွင် မြောက်ကိုရီးယားအလုပ်သမားပါတီဗဟိုကော်မတီ၊ ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီ၊ ကျူးဘားကွန်မြူနစ်ပါတီဗဟိုကော်မတီတို့မှ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ကြပါသည်။
မြောက်ကိုရီးယားအလုပ်သမားပါတီဗဟိုကော်မတီက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီဝင်အားလုံးနှင့် ညီအစ်ကိုလို ခင်မင်သော တရုတ်ပြည်သူများကို နှုတ်ခွန်းဆက်သလိုက်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ပြီး ထင်ရှားသောအောင်မြင်မှုများရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်တာအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ပါတီတည်ဆောက်ရေးကို ဘက်စုံမြှင့်တင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာဝပြောရေးကို အကောင်အထည်ဖော်ရန်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းရန် တရုတ်ပြည်သူများကို ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ၏အထွေထွေအင်အားနှင့် နိုင်ငံတကာ၌ ရပ်တည်မှုအဆင့်အတန်း မြင့်မားလာစေရန် ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အနီးပတ်ဝန်းကျင်တွင် တရုတ်ပြည်သူများ နီးနီးကပ်ကပ် စည်းလုံးညီညွတ်စွာရှိနေကြပြီး ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်စနစ်အတွေးအခေါ်၏ လမ်းညွှန်မှုလမ်းကြောင်းအတိုင်း အတားအဆီးမရှိ ရှေ့သို့ ချီတက်နေသည်ကို တရုတ်နိုင်ငံ၏အောင်မြင်မှုများက သက်သေထူနေကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် ရာစုနှစ်ခရီးစဉ်သစ်ဆီသို့ တရုတ်ပြည်သူများ ဦးတည်လျှောက်လှမ်းရာတွင် အရေးကြီးသမိုင်းမှတ်တိုင်အဖြစ် အဓိပ္ပာယ်ဆောင်သည့် နိုင်ငံရေးကိစ္စရပ်ကြီး ဖြစ်ကြောင်း၊ ဤညီလာခံကြီးသည် သမိုင်းဝင်ညီလာခံကြီး ဖြစ်လာပြီး တရုတ်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ပိုမိုအားကောင်းလာစေမည်၊ ဆိုရှယ်လစ်စနစ် တရုတ်အောင်မြင်မှုများကို မြှင့်တင်ပေးပြီး တရုတ်ပြည်သူများကို ဦးဆောင်၍ တရုတ်လူမျိုးတို့၏ ကြီးမြတ်သော ရှင်သန်နိုးထရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်နိုင်မည်ဟု မြောက်ကိုရီးယားအလုပ်သမားပါတီက အခိုင်အမာယုံကြည်ကြောင်း၊ မြောက်ကိုရီးယားနှင့် တရုတ်အကြား ရဲဘော်ရဲဘက်သဖွယ် ဆက်ဆံရေးသည် ပါတီနှစ်ရပ်၏ အဆင့်မြင့်ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ဖော်ညွှန်းနေကြောင်း၊ မြောက်ကိုရီးယားအလုပ်သမားပါတီသည် တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ အဆိုပါဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန်နှင့် နယ်ပယ်အသီးသီးတွင် မြောက်ကိုရီးယား-တရုတ်ဆက်ဆံရေး၏ ရှင်သန်မှုခွန်အားကို ပိုမိုအားကောင်းစွာ ဖော်ပြနိုင်ရန်အတွက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံအောင်မြင်စွာ ကျင်းပနိုင်ပါစေဟု လေးလေးနက်နက် ဆုမွန်ကောင်းတောင်းပေးကြောင်း ပြောကြားပါသည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပသည့်အခါသမယတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ်ပြည်သူများကို ကိုယ်စားပြု၍ ညီလာခံကြီးအားလည်းကောင်း၊ ညီလာခံမှတစ်ဆင့် တရုတ်ကွန်မြူနစ် ပါတီဝင်အားလုံးနှင့် တရုတ်ပြည်သူများအားလည်းကောင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ကြောင်း၊ ရဲဘော်ရဲဘက်နှင့် ညီအစ်ကိုအနေဖြင့် မိမိတို့သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းတိုင်းကို များစွာ ဂရုပြုလျက်ရှိကြောင်း၊ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံ ကျင်းပပြီးချိန်မှစ၍ ရဲဘော်ရှီကျင့်ဖိန် အမှူးပြုသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင်၊ ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်ဝိသေသဆောင်သောဆိုရှယ်လစ်စနစ်အတွေးအခေါ်၏ လမ်းညွှန်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်၍ ကဏ္ဍပေါင်းစုံ၌ ကြီးမားသောအောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ အတော်အသင့်ချမ်းသာသော လူ့အဖွဲ့အစည်းကို မျှော်မှန်းထားသည့်အတိုင်း ဘက်စုံတည်ဆောက်နိုင်ခဲ့ပြီး တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်စနစ် လုပ်ငန်းများကို ခေတ်ကာလသစ်သို့ ဝင်ရောက်စေခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် တရုတ်နိုင်ငံ၏ပါတီနှင့် ပြည်သူများ၏ နိုင်ငံရေးဘဝတွင် အရေးကြီးသမိုင်းမှတ်တိုင်အဖြစ် အဓိပ္ပာယ်ဆောင်သည့်ကိစ္စရပ်ကြီးတစ်ရပ် ဖြစ်ကြောင်း၊ ညီလာခံကြီးမှ အရေးကြီးသည့် လမ်းညွှန်မှုများကိုအဆိုပြုပြီး ၂၀၃၅ ခုနှစ်တွင် ဆိုရှယ်လစ်ခေတ်မီရေးဖော်ဆောင်ရေး၊ ၂၁ ရာစုနှစ်အလယ်ပိုင်းတွင် တောင့်တင်းခိုင်မာသော၊ ဒီမိုကရေစီဆန်သော၊ ယဉ်ကျေးမှုရှိသော၊ သဟဇာတဖြစ်၍ သာယာလှပသော ဆိုရှယ်လစ် ခေတ်မီအင်အား တောင့်တင်းသော နိုင်ငံတည်ဆောက်ရေးဟူသည့် ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရန် ဦးတည်ချက် ချမှတ်နိုင်မည်ဟု မိမိတို့ အခိုင်အမာယုံကြည်ကြောင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းများ ဖြစ်ကြောင်း၊ ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေးလုပ်ငန်းများကို ဦးဆောင်ကာ မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လက်ကိုင်စွဲထားကြောင်း၊ တရုတ်နိုင်ငံ၏ ပါတီ၊ နိုင်ငံတော်၊ ပြည်သူများကဗီယက်နမ်နိုင်ငံ၏ အတိတ်က အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုများနှင့် လက်ရှိ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းအတွက် ကြီးမား၍ အဖိုးတန်သောအကူအညီများ ပေးအပ်ခဲ့မှုအပေါ် ဗီယက်နမ်နိုင်ငံ၏ ပါတီ၊ နိုင်ငံတော်နှင့် ပြည်သူများက စွဲမြဲစွာ မှတ်သားထားကြောင်း၊ တရုတ်နိုင်ငံ၏ ပါတီ၊ နိုင်ငံတော်၊ ပြည်သူများနှင့်အတူ ဗီယက်နမ်-တရုတ် အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ တက်လှမ်းနိုင်စေရေးအတွက် အဆက်မပြတ် မြှင့်တင်ဆောင်ရွက်သွားရန် အမြဲအလေးထားပြီး ဆန္ဒရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ကြောင်း ပြောကြားပါသည်။
တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ခမ်းနားစွာ ကျင်းပသည့်အခါသမယတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီ၊ ပါတီဝင်များ အားလုံးနှင့် လာအိုနိုင်ငံမှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ ပါတီဝင်များ အားလုံး၊ အကြိမ် (၂၀) မြောက် ပါတီညီလာခံ၏ ကိုယ်စားလှယ်များ အားလုံးနှင့် ညီအစ်ကိုလို ခင်မင်သော တရုတ်ပြည်သူများအား လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီက ပြောကြားပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာအားကောင်း၍ ဉာဏ်ပညာရှိသော ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ ရှေ့သို့ ချီတက်ကြိုးပမ်းအားထုတ်ခဲ့ရာ တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်တည်ဆောက်ရေးလုပ်ငန်းတွင် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်ကွန်မြူနစ် ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံကျင်းပပြီးချိန်မှစ၍ ရဲဘော်ရှီကျင့်ဖိန် အမှူးပြုသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ခုန်ပျံကျော်လွှားသော ဖွံ့ဖြိုးတိုးတက်မှုအသစ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး အတော်အသင့် ချမ်းသာသောလူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ရေးဟူသည့် ပထမဆုံးရာစုနှစ်ရည်မှန်းချက်ကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှုပြဿနာကို သမိုင်းဝင် ဖြေရှင်းနိုင်ခဲ့ပြီး နိုင်ငံတကာ၌ ရပ်တည်မှုအဆင့်အတန်း တစ်နေ့ထက်တစ်နေ့ မြင့်မားလာခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများရရှိခဲ့သည့် သမိုင်းဝင်အောင်မြင်မှုများသည် လာအိုနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအတွက် အဖိုးတန်သော အတွေ့အကြုံများ ပံ့ပိုးပေးပြီး အောင်မြင်မှုစံနမူနာ ဖြစ်လာကာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက်လည်း အရေးပါသော အကျိုးထမ်းရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ စိတ်ဓာတ်ရေးရာလမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံ၏ ပါတီ၊ အစိုးရ၊ ပြည်သူများသည် ဆိုရှယ်လစ် ခေတ်မီနိုင်ငံတော် ဘက်စုံတည်ဆောက်ရေးခရီးစဉ်သစ်တွင် ပိုမိုတောက်ပသော အောင်မြင်မှုများကို ရရှိပြီး တရုတ်လူမျိုးများ ကြီးမြတ်စွာ ရှင်သန်နိုးထရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မိမိတို့ အခိုင်အမာယုံကြည်ကြောင်း၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီ၊ လာအိုနိုင်ငံအစိုးရနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် လာအို-တရုတ် အစဉ်အလာ ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ လာအို-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဆက်လက်ခိုင်မြဲတိုးတက်စေရန်၊ လာအို-တရုတ် ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေး အဆက်မပြတ် နက်ရှိုင်းတိုးတက်လာစေရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမို အကျိုးပြုနိုင်ရန်၊ ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအကျိုးထမ်းရွက်နိုင်ရန် တရုတ်နိုင်ငံ၏ ပါတီ၊ အစိုးရ၊ ပြည်သူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ ကြီးမြတ်သော၊ ဂုဏ်ယူဖွယ်ကောင်းသောတရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးကြောင်း ပြောကြားပါသည်။
ကျူးဘားကွန်မြူနစ်ပါတီဗဟိုကော်မတီက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသည် အရေးကြီးအကျိုးသက်ရောက်မှုရှိသော နိုင်ငံရေးကိစ္စရပ်ကြီး ဖြစ်ကြောင်း၊ ညီလာခံကျင်းပသည့်အခါသမယတွင် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် စမ်းသပ်မှုများကို ခံနိုင်ခဲ့ပြီး ဉာဏ်ပညာပြည့်ဝမှုရှိကာ တရုတ်ပြည်သူများကို ဦးဆောင်၍ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် ပေါင်းစည်းရေးကို ကာကွယ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ် ထူထောင်၍ နိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ဟန်ချက်ညီစေရေး ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီက ဤအောင်မြင်မှုများကို ရရှိခဲ့ခြင်း၏အကြောင်းရင်းမှာ ပါတီ၏ ခေတ်အဆက်ဆက် ခေါင်းဆောင်များက မာက်စ်ဝါဒကို တောက်လျှောက်လက်တွေ့ကျင့်သုံးခဲ့ပြီး ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအတွက် အရေးကြီးသောသီအိုရီများနှင့် လက်တွေ့အကျိုးထမ်းဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ (၁၈) ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံကျင်းပပြီးချိန်မှစ၍ ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီသည် ပါတီတည်ဆောက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတို့ကို အခိုင်အမာ မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ပထမဆုံးရာစုနှစ်ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ကာ တရုတ်နိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုဦးဆောင်သူ ဖြစ်လာစေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး “The Belt and Road” အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်တို့ကို အဆိုပြုခဲ့ရာ ချီးကျူးဖွယ်ကောင်းလှကြောင်း၊ ပါတီအချင်းချင်းဆက်ဆံရေးသည် ကျူးဘား-တရုတ်ဆက်ဆံရေး၏မဏ္ဍိုင်နှင့် အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားရှိ ကဏ္ဍစုံ အထူးချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးဦးတည်ချက်နှင့် ခိုင်မာသောဘုံဆန္ဒကိုချမှတ်ခဲ့ကြောင်း၊ ကျူးဘားကွန်မြူနစ်ပါတီသည် တရုတ် တစ်နိုင်ငံတည်းမူဝါဒဟူသည့် ခိုင်မာသော ရပ်တည်ချက်အား ကျင့်သုံးသည်ကို ထပ်လောင်း ဖော်ပြပါကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်ပါစေဟု ကြိုတင်ဆုမွန်ကောင်းတောင်းလိုက်ကြောင်း၊ ညီလာခံကြီးမှ ရရှိလာသည့် ရလဒ်များသည် ကမ္ဘာပေါ်ရှိတိုးတက်သောအင်အားစုများအားလုံး ဆက်လက်၍ ရှေ့သို့ ချီတက်နိုင်စေရန်အတွက် အားပေးအားမြှောက်ပြုသည့် ခွန်အားသစ်များဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။