“ရပ်ဝန်းနှင့်ပိုးလမ်းမ”ဖော်ဆောင်ရေးကို မလွဲမသေ ဆောင်ရွက်သွားမည်ဟု သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်သစ် ပြော

Yunnan Gateway, May 16, 2022
Size:

သီရိလင်္ကာနိုင်ငံ အစိုးရသစ်သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” ဖော်ဆောင်ရေးကို မလွဲမသေ ဆောင်ရွက်သွားမည်ဟု သီရိလင်္ကာဝန်ကြီးချုပ်သစ် Ranil Wickremesinghe က မေ ၁၃ ရက်တွင် သီရိလင်္ကာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ် Qi Zhenhong နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်သစ် Ranil Wickremesinghe နှင့် သီရိလင်္ကာဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး Qi Zhenhong တို့ ကိုလံဘိုမြို့တွင် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ သီရိလင်္ကာသို့ အခက်အခဲကျော်ဖြတ်ရန် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးသည့် ကြီးမားသော အကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း Wickremesinghe က ပြောကြားခဲ့သည်။ အစိုးရသစ်သည် ကိုလံဘို ဆိပ်ကမ်းမြို့၊ ဟမ်ဘန်တိုဆိပ်ကမ်း ကဲ့သို့သော နှစ်နိုင်ငံအကြား အဓိကပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး သီရိလင်္ကာရှိ တရုတ်အဖွဲ့အစည်းနှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို တတ်နိုင်သမျှ ကာကွယ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Wickremesinghe မှ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံရခြင်းကို Qi Zhenhong က ဂုဏ်ပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာရင်ဆိုင်နေရသည့်အခက်အခဲအပေါ် စာနာကြောင်းနှင့် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို သီရိလင်္ကာသို့ အမြန်ဆုံးပေးပို့နိုင်ရန် သီရိလင်္ကာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ တတ်နိုင်သမျှ အတိုင်းအတာအောက်တွင် သီရိလင်္ကာအတွက် ၎င်းတို့ပိုမိုလိုအပ်နေသည့် စားဝတ်နေထိုင်ရေးဆိုင်ရာ အကူအညီများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ လက်ရှိအခြေအနေအောက်တွင် သီရိလင်္ကာအစိုးရသည် နိုင်ငံအတွင်းရှိ တရုတ်အဖွဲ့အစည်းများ၊ လုပ်ငန်းများ၊ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်နိုင်ပြီး နှစ်နိုင်ငံအကြား အဓိကကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ရှေ့တိုးဆောင်ရွက်နိုင်မည်ကို တရုတ်နိုင်ငံမှ ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးအကျပ်အတည်းကြောင့် လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာစဉ်အတွင်း အာဏာရပါတီခေါင်းဆောင် Mahinda Rajapaksa က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။ သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က United National Party ခေါင်းဆောင် Ranil Wickremesinghe အား ဝန်ကြီးချုပ်အဖြစ် မေ ၁၂ ရက်က ခန့်အပ်လိုက်ကြောင်းနှင့် Wickremesinghe သည် ထိုနေ့ညနေပိုင်းတွင် သမ္မတ Gotabaya Rajapaksa ရှေ့မှောက်၌ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)