မြန်မာ့ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရာတွင် ရောဂါပိုးမွှားကင်းရှင်းကြောင်း Certificate ထုတ်ပေးမည်

Yunnan Gateway, May 12, 2022
Size:

မြန်မာ့ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရာတွင် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောကြောင့် တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ခြင်းတွင် ရောဂါပိုးမွှားကင်းရှင်းကြောင်း Certificate ထုတ်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၅ ရက်တွင် ပြောသည်။

ငှက်ပျောခိုင်များအကြား အလုပ်လုပ်နေကြသူများအား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဦးမျိုးတင့်ထွန်းက “ကျွန်တော်တို့နဲ့ လက်မှတ်ထိုးတာက ပိုးမွှားရောဂါသန့်စင်တဲ့အပိုင်းကို လက်မှတ်ထိုးတာပါ။ မြန်မာနိုင်ငံက တင်ပို့မယ့်ငှက်ပျောတွေမှာ ရောဂါပိုးသန့်စင်မှု ရှိမရှိ၊ ပိုးမွှားရောဂါကင်းရှင်းမှု ရှိမရှိ အတွက် Certificate ထုတ်ပေးရမယ့်လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဝန်ကြီးဌာနက လုပ်ပေးရမှာပါ’’ ဟုပြောသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလမ်းအနီးတွင်ရှိသော ကချင်ပြည်နယ်တွင်လည်း တစ်သျှူးငှက်ပျောကို အဓိကထားစိုက်ပျိုးနေရာ စိုက်ပျိုးသူများ လိုက်နာရမည့် အချက်များအလက်များ၊ ဒေသနှင့် အသီးခူးရမည့်ကာလအပါအဝင် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ စနစ်တကျ သုံးစွဲခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ (GAP) စံချိန်စံနှုန်းများအား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

“အဓိကက မြန်မာနိုင်ငံကတင်ပို့တဲ့ကုန်ပစ္စည်းတွေမှာ လယ်ယာကဏ္ဍထွက်ကုန်တွေက များတယ်။ အဲဒီထွက်ကုန်တွေရဲ့ပိုးမွှားရောဂါကင်းရှင်းရေး၊ ကျန်းမာရေးနဲ့ ညီညွတ်ရေး အဓိကိစ္စတွေကို ထောက်ခံချက်ပေးတာက ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့တာဝန်ပေ့ါ။ ကျွန်တော်တို့ဘက်ကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုအပိုင်းမှာ မရှိမဖြစ်လိုတဲ့ Certificate တွေအတွက် တရုတ်အပါအဝင် တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်’’ ဟု ဦးမျိုးတင့်ထွန်းက ဆက်ပြောသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ ငှက်ပျော တန်ချိန် ရှစ်သိန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က “တစ်သျှူးငှက်ပျောကတော့ တရုတ်ပြည်ကို အဓိကတင်ပို့တာပေ့ါ။ အခုလိုစနစ်တကျနဲ့ တင်ပို့ခွင့်ရရင် ဒီလုပ်ငန်းလုပ်ကိုင်သူတွေအားလုံးအတွက် အကျိုးရှိမှာပါ။’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)