တရုတ်-မြန်မာ အဓိကရထားလမ်းဖြစ်သည့် တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းသောလုပ်ငန်း ပြီးစီး

CRI, May 11, 2022
Size:

တရုတ်-မြန်မာ အဓိကရထားလမ်းဖြစ်သည့် တာလီ-ရွှေလီရထားလမ်း၏ တာလီမြို့မှ ပေါင်စန်းမြို့အထိ ရထားလမ်းခင်းသောလုပ်ငန်းပြီးစီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မေလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

လတ်တလောရက်ပိုင်းတွင် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိက အစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း၏ တာလီမြို့မှ ပေါင်စန်းမြို့အထိ ရထားလမ်းခင်းသည့် တာဝန်ပြီးဆုံးသွားပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် တာလီမှ ပေါင်စန်းအထိ လမ်းပိုင်း၏အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများသည် ၁၀၀% ပြီးဆုံးသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့သို့ဆောက်လုပ်ရာတွင် ဘူတာရုံအခန်းတည်ဆောက်မှုသည် အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်ပြီး ယခုနှစ်အတွင်း၌ ဖွင့်လှစ်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်သည် ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်း အချိုးအဆသည် ၇၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ထားသည်။

လမ်းကြောင်းတစ်လျှောက်တွင် တာလီမှ ပေါင်စန်း၊ ပေါင်စန်းမှ ရွှေလီအထိ အပိုင်းလိုက် တည် ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားပြီး ယခုအကြိမ် ရထားလမ်းခင်းမှုပြီးစီးသည့် တာလီမှ ပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်ပြီး ခက်ခဲမှုများရှိနေသည့်အတွက် တည်ဆောက်မှု ကြာမြင့်ချိန်ကို ၁၄ နှစ်အထိရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။