မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးသူ ၂၄ သန်း ကျော်ပြီဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

CRI, May 9, 2022
Size:

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့်အဝ ထိုးပြီးသူအရေအတွက်မှာ ၂၄.၀၈ သန်း ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသည့် လူဦးရေမှာ ၆.၈၄ သန်းဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူမှာ ၁.၅၉ သန်းရှိကြောင်း သိရသည်။ ထို့ကြောင့် လူဦးရေ စုစုပေါင်း ၃၀.၉၃ သန်းမှာ ကာကွယ်ဆေးထိုးပြီးဖြစ်ကာ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၅၆.၆၁ သန်းကို ထိုးနှံပေးပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၂ နှစ်နှင့်အထက်ရှိသူများကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိသည်။ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်း မေလတွင် စတင်ထိုးနှံပေးနေပြီဖြစ်သည်။

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်မှုဝန်ကြီးဌာနက တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG) နှင့် ပူးပေါင်း၍ ထုပ်ပိုးထုတ်လုပ်ထားခြင်း ဖြစ်သည်။ Myancopharm ကာကွယ်ဆေးကို အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် ထပ်ဆောင်းကာကွယ်ဆေးအဖြစ်လည်း ထိုးနှံနိုင်သည့်အပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်သည့်ကာကွယ်ဆေးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူဦးရေမှာ ၂၂.၂၃ သန်းဖြစ်သောကြောင့် ၁ လအတွင်းတွင် လူ ၂ သန်းနီးပါးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ မေလ ၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၆၁၃,၀၅၃ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၉,၄၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။