RCEP သည် တရုတ်-မြန်မာကုန်သွယ်မှုတွင် အသက်ဝင်၊ မြန်မာနိုင်ငံသို့ ပထမဆုံး RCEP မူလထုတ်လုပ်ဒေသအထောက်အထား လက်မှတ်ကို ကွမ်ရှီးပြည်နယ်ကထုတ်ပေး

CRI, May 2, 2022
Size:

ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) သည် မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် အသက်ဝင်ခဲ့သည်။ ယခုအချိန်အထိ RCEP ကို အသက်ဝင်သည့်အဖွဲ့ဝင်နိုင်ငံအရေအတွက်သည် ၁၃ နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ စတင်အသက်ဝင်သည့် ပထမဆုံးနေ့တွင် နန်နင်းအကောက်ခွန်ဌာနအောက်ရှိယုံးကျိုးအကောက်ခွန်ဌာနသည် ကွမ်ရှီးပြည်နယ်မှ မြန်မာနိုင်ငံသို့ ပထမဆုံးမူလထုတ်လုပ်ဒေသအထောက်အထားလက်မှတ်ကို ထုတ်ပေးခဲ့ပါသည်။ ယင်းလက်မှတ်သည် ကွမ်ရှီးပြည်နယ်ရှိသွင်းကုန်ပို့ကုန်ကုမ္ပဏီတစ်ခုက လျှောက်လွှာတင်ခြင်းဖြစ်ပြီး ကုန်ပစ္စည်းမှာ မြန်မာနိုင်ငံသို့ တင်ပို့သည့်ဆိုဒီယမ် saccharin တစ်သုတ်ဖြစ်ကာ တန်ဖိုးယွမ် ၁ သန်းခန့်ရှိသည်။ နန်နင်းအကောက်ခွန်ဌာနမှ စာရင်းဇယားများအရ ယခုနှစ်ပထမသုံးလပတ်တွင် ကွမ်ရှီးပြည်နယ်က မြန်မာနိုင်ငံနှင့် သွင်းကုန် ပို့ကုန်စုစုပေါင်းပမာဏမှာ ယွမ်သန်း ၁၉၀ ခန့်ရှိကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံစီးပွားရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) ၏ ပုဒ်မ ၂၀ ပါ အမှတ် ၆ အရ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး ယင်းသဘောတူညီချက်ကို တရုတ်မြန်မာကုန်သွယ်မှုတွင် အသက်ဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် သဘောတူညီချက်ပါ မူလထုတ်လုပ်ဒေသစံနှုန်းများနှင့်ကိုက်ညီသောမြန်မာနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအား ဦးစားပေးအခွန်နှုန်းထားများပေးဆောင်မည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာကုန်သွယ်မှုတွင် ပါဝင်သောလုပ်ငန်းရှင်များသည် ယနေ့မှစပြီး သက်ဆိုင်ရာဦးစားပေးရေးကို ခံစားရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။