တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော လာအို စာတိုက်နှင့်ကြေးနန်းနည်းပညာ အင်စတီကျု စီမံကိန်း စတင်

Yunnan Gateway, April 27, 2022
Size:

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသည့် လာအို စာတိုက်နှင့်ကြေးနန်းနည်းပညာ အင်စတီကျု စီမံကိန်းတည်ဆောက်မှုကို ဧပြီ ၂၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။ အဆိုပါစီမံကိန်း ပန္နတင်အခမ်းအနားကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းကျိုက်တုန်းနှင့် လာအိုနိုင်ငံ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Boviengkham Vongdara တို့ တက်ရောက်ခဲ့ကြသည်။

လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတွင် ကျင်းပသည့်တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော လာအို စာတိုက်နှင့်ကြေးနန်းနည်းပညာ အင်စတီကျု ပန္နတင်အခမ်းအနားအား ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတွင် တည်ရှိသည့်ယင်းစီမံကိန်းတွင် ဆောက်လုပ်ရေး ဧရိယာ စတုရန်မီတာ ၅,၅၀၀ တွင် စာသင်ခန်း၊ ဓာတ်ခွဲခန်း၊ စာကြည်တိုက် စသည့်တို့ပါဝင်သော စာသင်ကျောင်းဆောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ China Railway Construction Group Co., Ltd. (CRCG) က ခေတ်မီအဆောက်အဦဒီဇိုင်းကို အခြေခံကာ လာအိုရိုးရာအစဉ်အလာအမှတ်သင်္ကေတများ ပေါင်းစည်း၍ ဒေသ၏အမှတ်သညာနှင့်အမျိုးသားရေးလက္ခဏာများပါဝင်သည့် ပညာရေးမွမ်းမံစခန်းအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုန်းက ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းအနေဖြင့် လာအို၏ပညာရေးကဏ္ဍအဆင့်မြှင့်တင်ရေး၊ လူရည်ချွန်ပျိုးထောင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး လာအိုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံလက်တွေ့ပူးပေါင်းဆောင်ရွက်ရေးအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Boviengkham Vongdara က လာအိုနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီအကျိုးဆောင်ပေးမှုအား ကျေးဇူးတင်ရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအဆင့်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးစီမံကိန်းစတင်ပြီးနောက် တရုတ်နိုင်ငံမှ လာအိုနိုင်ငံရှိ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုသင်ကြားရေးမွမ်းမံသင်တန်းများ ဆောင်ရွက်ပေးမည်ဖြစ်ရာ ဆောက်လုပ်ရေးကာလအတွင်း ဆရာ၊ ဆရာမနှင့်ကျောင်းသားကျောင်းသူ ၃၁၂ ဦးအား သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)