ယူနန် နိုင်ငံဖြတ်ကျော် အီးကော်မာ့စ် ၉၈၁၀ ပုံစံဖြင့် ပြည်ပသို့ ပို့ဆောင်သောကုန်စည်များသည် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာ

Yunnan Gateway, April 25, 2022
Size:

ဧပြီလ ၂၂ ရက်နေ့တွင် ယူနန် Teng Kun စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးကုမ္ပဏီ လီမိတက် (အောက်တွင် ယူနန် Teng Kun ဟု အတိုချုံးခေါ်ဝေါ်သည်) မှ အကောက်ခွန်ဌာနသို့ အစီရင်ခံတင်ပြသော ဆောက်လုပ်ရေးပစ္စည်းတစ်သုတ်သည် ၉၈၁၀ ပို့ကုန်ပုံစံဖြင့် ယူနန်ပြည်နယ် လင်ချမ်းမြို့ ချင်ရွှေဟော်နယ်စပ်ဂိတ်မှ ထွက်ခွာပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းသည် ယူနန်ပြည်နယ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ၉၈၁၀ ပို့ကုန်ပုံစံ လုပ်ငန်းဆောင်ရွက်ခြင်းစတင်ကတည်းက ချင်းရွှေဟော်ဂိတ်ပေါက်မှတစ်ဆင့် နိုင်ငံခြားသို့ ပထမဆုံးအကြိမ် ကုန်စည်ပို့ဆောင်ခြင်းပင်ဖြစ်သည်။

ပုံ၊ တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ်ကို တွေ့နေစဥ်။

၉၈၁၀ ဆိုသည်မှာ တရုတ်နိုင်ငံအကောက်ခွန်ဌာန၏အကောက်ခွန်ကြီးကြပ်ရေးကုဒ် ဖြစ်ပြီး နိုင်ငံဖြတ်ကျော်အီးကော်မာ့စ် ပို့ကုန်၏နိုင်ငံခြားသိုလှောင်ခန်းပင်ဖြစ်သည်။ ၉၈၁၀ ပို့ကုန်ပုံစံဆိုသည်မှာ တရုတ်ပြည်တွင်း၏ကုမ္ပဏီလုပ်ငန်းများက နိုင်ငံဖြတ်ကျော်ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှတစ်ဆင့် ကုန်စည်များကို ပြည်ပရှိသိုလှောင်ခန်းသို့ တင်ပို့ပြီး နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်ပလက်ဖောင်းမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ကာ ပြည်ပရှိသိုလှောင်ခန်းမှ စားသုံးသူ၏လက်ဝယ်ဆီသို့ ပစ္စည်းအရောက်ပို့ဆောင်သည့် နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်နည်းလမ်းဖြစ်သည်။ ၉၈၁၀ ပို့ကုန်ပုံစံဖြင့် နိုင်ငံဖြတ်ကျော် အီးကော်မာ့စ်ဆောင်ရွက်လျှင် ရောင်းချသူက ကုန်ပစ္စည်းရောင်းဝယ်ရေးအခြေအနေအလိုက် အချိန်နှင့်အမျှ ကုန်စည်များ ဖြည့်သွင်းနိုင်ပြီး ကုန်စည်ရောင်းချပြီးနောက် နိုင်ငံခြားငွေလဲလှယ်ရှင်းလင်းခြင်း (foreign exchange settlement) ကို ဆောင်ရွက်နိုင်သည်။ သာမန်နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်သည် ငွေလဲလှယ်ရှင်းလင်းပြီးနောက်မှ ပြည်ထွက်နိုင်သည်နှင့်နှိုင်းကြည့်လျှင် ဝယ်ယူသူနှင့် ရောင်းချသူ နှစ်ဖက်စလုံးက ပိုများသော ရွေးချယ်မှုကို ရရှိစေပါသည်။

“ယခုအကြိမ် ပို့ကုန်တွေက ကြွေပြား၊ ဖန်၊ တံခါးနဲ့သော့စတာတွေ ပါဝင်ပြီး စုစုပေါင်းအလေးချိန် တန် ၆၀ ကျော်ပါတယ်။ အဲဒီကုန်စည်တွေက မြန်မာ ချင်းရွှေဟော်ကို ပို့လိုက်တယ်။ ဟိုဘက်မှာ မြန်မာကုမ္ပဏီနဲ့ ပူးပေါင်းစီစဥ်တဲ့ ကျွန်တော်တို့သိုလှောင်ခန်း ရှိတယ်”ဟု ယူနန် Teng Kun ၏ တာဝန်ခံ Zhao Zhong မှ ပြောကြားခဲ့သည်။ “နောင်မှာ ယူနန် Teng Kun က ကိုဗစ်-၁၉ အခြေအနေအရ ၉၈၁၀ ပို့ကုန်ပုံစံဖြင့် ချင်းရွှေဟော်ကနေ မြန်မာနိုင်ငံကို ကုန်စည်တွေ ဆက်တိုက်ပို့ဆောင်မယ်” ဟု Zhao Zhong က ဆက်လက်ပြောခဲ့သည်။

လက်ရှိတွင် လင်ချမ်းချင်းရွှေဟော်နယ်စပ်ဂိတ်သည် ကုမ္ပဏီမှ ပြည်ပပုဂ္ဂိုလ်များဆီသို့ (B2C) ပို့ကုန်တင်ပို့ရောင်းချသော ၉၆၁၀ ၊ နိုင်ငံဖြတ်ကျော် B2B တိုက်ရိုက်ပို့ကုန် တင်ပို့သော ၉၇၁၀ နှင့် ၉၈၁၀ စသည့်နိုင်ငံဖြတ်ကျော်အီးကော်မာ့စ် အကောက်ခွန်ရှင်းလင်းခြင်းပုံစံ(Customs Clearance)၃ မျိုးရှိပြီး လင်ချမ်းမြို့ နန်စန်နယ်စပ်ဂိပ်သည်လည်း ၉၈၁၀ ပို့ကုန်ပုံစံ အကောက်ခွန်ရှင်းလင်းခြင်းကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 

 

(အရင်းအမြစ် - ယူနန် daily ၊ ဘာသာပြန် -Yunnan gateway)