၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ယနေ့စတင်ကျင်းပ

Yunnan Gateway, April 24, 2022
Size:

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီကကြီးမှူး၍ ပြုလုပ်သော ၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ယနေ့ ဧပြီ ၂၂ ရက်တွင် စတင်ကျင်းပလျက်ရှိကြောင်း၊ ယခုကျင်းပသည့်ပြပွဲတွင် ယူရို ၄.၈ သန်းတန်ဖိုးရှိ တွင်းထွက်ကျောက်မျက်ဖြစ်သောဖရဲအူကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၂ ရက်တွင် ပြောသည်။

ယူရို ၄.၈ သန်းဖြင့် ပြသရောင်းချထားသည့် တွင်းထွက်ကျောက်မျက်ဖြစ်သော ဖရဲအူအားတွေ့ရစဉ် (ဓာတ်ပုံ -- မြန်မာ့ကျောက်မျက်ရတနာပြပွဲ)

ဦးသက်ခိုင်က “အခုပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နဲ့ ပုလဲအတွဲပေါင်း ၃၃၀ ကို ပြသရောင်းချသွားမှာပါ” ဟု ဆိုသည်။

၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က “နိုင်ငံခြားဧည့်သည်တွေလည်းစလာနေကြပြီ။ ဒီပွဲမှာ နိုင်ငံခြားသားဧည့်သည် ၂၀၀ လောက်လာရောက်မယ်လို့တော့ ခန့်မှန်းထားပါတယ်" ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၂ ရက်တွင်ပြောသည်။

ဝယ်ယူခဲ့သောကျောက်အတွဲများအတွက် ကျသင့်တန်ဖိုးငွေများကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏စာရင်းသို့ ပေးချေရမည်ဖြစ်ပြီး ငွေပေးချေရာတွင် ကြေးနန်းငွေလွှဲပို့စနစ်(Telegraphic Transfer) သို့မဟုတ် အပြည်ပြည်ဆိုင်ရာငွေလွှဲပို့စနစ် (SWIFT Message) ဖြင့်ပေးချေရမည်ဖြစ်ကြောင်း ငွေပေးချေရာတွင် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) နှင့်ချိတ်ဆက်ထားသည့် ပြည်ပရှိဘဏ်များမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။ (Xinhua)