တရုတ်နိုင်ငံ ကန်းစုပြည်နယ်က တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပထမဆုံး နိုင်ငံတကာကုန်တင်ရထားပြေးဆွဲမည်

Yunnan Gateway, April 22, 2022
Size:

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Dunhuang မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကုန်တင်ရထားတစ်စင်းသည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီး တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ကန်းစုပြည်နယ်၏ ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထား ပြေးဆွဲခြင်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Baoji မြို့ရှိ ထောက်ပံ့သယ်ပို့အခြေစိုက်စခန်းမှ ထွက်ခွာ၍ တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် မောင်းနှင်မည့်ကုန်တင်ရထားတစ်စင်းအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျောက်ဂွမ်း တန်ချိန် ၅၃၀ တင်ဆောင်ထားသော အဆိုပါရထားသည် အချိန် ၁၂ ရက်အတွင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့ ရောက်ရှိရန်လျာထားသည်။ တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ခရီးစဉ်သည် ယခင်က မြို့နှစ်မြို့ကြား အချိန်ရက်ပေါင်း ၄၀ ကြာမြင့်သော ရေလမ်းကြောင်း ခရီးစဉ်ဖြင့် နှိုင်းယှဉ်ပါက အချိန် ၂၈ ရက်သက်သာစေမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်အသစ်သည် ကန်းစုနှင့် အရှေ့တောင်အာရှနိုင်ငံများကြား ချိတ်ဆက်ထားသည့် နောက်ထပ် ထိရောက်၍ ကုန်ကျစရိတ်သက်သာပြီး ဘေးကင်းအဆင်ပြေသော နိုင်ငံတကာ ထောက်ပံ့သယ်ပို့ချန်နယ်တစ်ခုဖြစ်ကြောင်း ကန်းစုပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ပြောခဲ့သည်။

ပိုးလမ်းမစီးပွားရေးလမ်းကြောင်း၏အချက်အချာနေရာအဖြစ် ကန်းစုပြည်နယ်သည် မကြာသေးမီနှစ်များက တံခါးဖွင့်ဝါဒကို အရှိန်မြှင့်တင်လျက်ရှိသလို ဗဟိုအာရှ၊ တောင်အာရှနှင့် ဥရောပရှိနိုင်ငံများနှင့် နိုင်ငံတကာ ကုန်တင်ရထားလိုင်းများ ပိုမိုချိတ်ဆက် ပြေးဆွဲခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲခဲ့သော တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့နှင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)