ယမန်နှစ်က တရုတ်နှင့် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများကြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးရှိ

Yunnan Gateway, April 13, 2022
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၈ ရက်တွင် ချုံချင့်၌ လန်ချန်း-မဲခေါင် (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးအားနည်းသည့်အခြေအနေအောက်တွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံအကြား ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ခဲ့ရာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ ၅ နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးအထိ မြင့်တက်လာစေရန်တွန်းအားပေးလုပ်ဆောင်ခဲ့သဖြင့် ကာလတူထက် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဧပြီ ၇ ရက်တွင် ကျင်းပသော ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

ယခုအကြိမ် ”လန်ချန်း-မဲခေါင်သီတင်းပတ်” သည် အွန်လိုင်းနှင့်အော့ဖ်လိုင်း (offline) နှစ်မျိုးပေါင်းစပ်ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးတွင်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုအစီအစဥ် ၁၄ ခုရှိပြီး ဖိုရမ်များ၊ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ယဉ်ကျေးမှုဖလှယ်ခြင်း၊ အားကစားပြိုင်ပွဲများ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှု စသဖြင့်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန၏အတိုင်ပင်ခံပုဂ္ဂိုလ် လျန်ကျန့်ကျွင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှာ ၆ နှစ်တာကာလ ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်း ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ခြောက်နှစ်က လန်ချန်း-မဲခေါင် ၆ နိုင်ငံခေါင်းဆောင်များက ဘုံအကျိုးဖြစ်ထွန်းမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုရည်ရွယ်ချက်ဖြင့် ဤဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားသစ်ကို စတင်ကာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများအကြားဆက်ဆံရေးဖွံ့ဖြိးတိုးတက်မှုအဆင့်သစ်ကို စတင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးပူးတွဲအလှည့်ကျနိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွန်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာအရှိဆုံးသောဒေသခွဲပူးပေါင်းဆောင်ရွက်မှုယန္တရားဖြစ်လာရာ မြစ်ဝှမ်းရှိပြည်သူများအပေါ် ယုံကြည်စိတ်ချရပြီးလက်တွေ့ကျသောအကူအညီများပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် စီးပွားရေးကျဆင်းမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့်ကပ်ရောဂါဖြစ်ပွားမှုများကြောင့် ကမ္ဘာ့အခြေအနေများမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။ ဤနာကျင်ဖွယ်အတွေ့အကြုံများက ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ပြသခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် ပိုမိုကြီးမားသောအောင်မြင်မှုရရှိမည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ၂၀၁၆ ခုနှစ် မတ်လတွင် တရားဝင်တည်ထောင်ခဲ့သည်။ လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် အောင်မြင်သော လန်ချန်း-မဲခေါင် ပုံစံ ဖန်တီးခဲ့သည့်အပြင် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုအတွက် “ရွှေရောင်ဆိုင်းဘုတ်” ဖန်တီးကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် တွန်းအားဖြည့်တင်းပေးခဲ့သည်။ ယခုနှစ်တွင် တရုတ်နိုင်ငံ ဗဟိုကော်မတီအဖွဲ့ ၂၀ ကျော်နှင့် ဒေသဆိုင်ရာ ပြည်နယ်နှင့် မြို့ကြီး ၁၀ ခုကျော်တို့မှ လူငယ်ဖလှယ်ပွဲများ၊ ပညာရှင်ဖိုရမ်များ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားပြပွဲများစသည့်လှုပ်ရှားမှု ၈၀ ကျော် ကျင်းပကာ မဲခေါင်မြစ်တစ်လျှောက် ၅ နိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၆ နှစ်ပြည့် နှစ်ပတ်လည်ကို ကြိုဆိုဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)