ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ

CRI, April 2, 2022
Size:

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အန်းဟွေးပြည်နယ် ထွန်ရှီး၌ တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိနေသောမြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအစိုးရ၊ ပါတီအသီးသီးတို့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအတွေ့အကြုံများဖလှယ်ပြီး မြန်မာနိုင်ငံအား ပြည်တွင်းနိုင်ငံရေး ပြန်လည်သင့်မြတ်မှုအကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးတို့ကို ထောက်ပံ့ကူညီလိုပါကြောင်း၊ နှစ်နိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို တွန်းအားပေးပြီး စက်မှုဇုန်၊နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကွန်ရက်၊ လမ်းပန်းဆက်သွယ်ရေးအပြန်အလှန်ချိတ်ဆက်မှုပူးပေါင်းဆောင်ရွက်ရေး၊ အဓိကအထင်ကရစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ ကပ်ရောဂါစည်းလုံးညီညွတ်စွာ တိုက်ဖျက်ရေးကို နက်ရှိုင်းစေပြီး ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုကို အပြည့်အဝဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ကာကွယ်ဆေးနှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာအထောက်အပံ့များကို ဆက်လက်ပေးမည်ဖြစ်ကြောင်း၊ ဆင်းရဲမှုလျှော့ချရေးသရုပ်ပြပရောဂျက်များကို အမြန်မြှင့်တင်ပြီးရောဂါထိန်းချုပ်ရေးဌာန၊ ကျေးလက်လမ်းနှင့်တံတားများ၊ စက်မှုလေ့ကျင့်ရေးစင်တာစသည့်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ကာ "သေးငယ်သော်လည်းလှပသော" အသက်မွေးဝမ်းကြောင်းဆိုင်ရာပရောဂျက်များစွာကို ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံကိုယ်စား ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ၊တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပခြင်းကို ထောမနာပြုခဲ့ပါသည်။ ဦးဝဏ္ဏမောင်လွင်သည် လက်ရှိ နိုင်ငံတကာအခြေအနေ အပြောင်းအလဲမှုများကြောင့် ဖြစ်ပေါ်လာသော မြန်မာနိုင်ငံ၏ စီးပွားရေးအခက်အခဲများနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်မိပါသည်။ ဝမ်ယိက တရုတ်နိုင်ငံသည် အခက်အခဲများကို ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုကိုအားဖြည့်လိုကြောင်း၊ ယူကရိန်းအကျပ်အတည်း၏ အပျက်သဘောသက်ရောက်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း ပြောကြားပါသည်။

ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးနှစ်ဦး ရှေ့မှောက်၌ နှစ်နိုင်ငံစီးပွားရေးနည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းများ အပြန်အလှန်ဖလှယ်ကြပြီး ချုံချင့်မြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကိုလည်း ကျင်းပခဲ့သည်။