မြန်မာထွက်ကြံ တန်ချိန် သုံးသိန်းခုနစ်သောင်းကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့

CRI, March 16, 2022
Size:

မြန်မာနိုင်ငံကထွက်ရှိသည့် ကြံတန်ချိန် သုံးသိန်းခုနှစ်သောင်းကျော်ကို ယခုနှစ် ကုန်သွယ်နှစ်မှာ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ် ကြံရိတ်သိမ်းရာသီဟာ နိုဝင်ဘာလမှ ဧပြီလအထိဖြစ်ကာ မြန်မာနိုင်ငံ၏ ကြံ ပို့ကုန်ဟာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သည်ဟု သိရသည်။

“ယခုနှစ်တွင် ယူနန် ချင်းရွှေဟော်နယ်စပ်အဝင်အထွက်စစ်ဆေးရေးဂိတ်သို့ ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံ တန်ချိန် ၃၇၄၀၀၀ အဆင်ပြေစွာ ဂိတ်ဖြတ်သန်းနိုင်ခဲ့တယ်”ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏အကျိုးသက်ရောက်မှုခံနေရချိန်မှာ ကြံတင်သွင်းတင်ပို့မှုကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ် အဝင်အထွက်စစ်ဆေးရေးဂိတ်မှာ ညှိနှိုင်းဆွေးနွေးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဆွေးနွေးပြီးနောက် လူနှင့် ကုန်စည် ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ် ယူ ပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း လုပ်ငန်းအစီအစဉ်များကို အတည်ပြုခဲ့ကာ နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် “အစိမ်းရောင်လမ်းကြောင်း” ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှ ကြံများ အဆင်ပြေချောမွေ့ မြန်ဆန်စွာ ဂိတ်ဖြတ်သန်းဝင်ရောက်နိုင်ရေးအတွက် ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်ထားပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ) မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၄.၉၀၅ ဘီလီယံ တင်ပို့ခဲ့သည်ဟု သတင်းအရ သိရပါသည်။