မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကနှင့် သက်ကြီးရွယ်အိုများအား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

CRI, March 16, 2022
Size:

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကနှင့် သက်ကြီးရွယ်အိုများအား လှူဒါန်းပေးအပ်သော ကပ်ရောဂါကာကွယ်ရေးပစ္စည်းများအား လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို မတ်လ ၁၅ ရက်နေ့တွင် သံရုံး၌ကျင်းပခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က အခမ်းအနားတက်ရောက်လာသည့် မြန်မာ-တရုတ်ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းဥက္ကဋ္ဌ၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းစသည့် မြန်မာနိုင်ငံမှလူပုဂ္ဂိုလ်များအား တပေါင်းလပြည့်နေ့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုအကြိမ် မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဒေသအသီးသီးဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း အခုရေ ၃၆၀,၀၀၀ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်ပယ်အသီးသီး ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးသည့် အစီအမံတစ်ခုဖြစ်ကာ မြန်မာပြည်သူများ၏ အသက်ကျန်းမာရေးအပေါ် ဂရုပြုမှုကိုပေါ်လွင်စေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံက တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ အပြန်အလှန်ထောက်ခံအားပေး၍ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေးလိုအပ်ချက်အရ တရုတ်နိုင်ငံအစိုးရနှင့် လူနေမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးက မြန်မာနိုင်ငံသို့ Vaccine၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများစွာ ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံနယ်ပယ်အသီးသီးအတွက် ဂရုပြုမှုနှင့် နွေးထွေးမှုများပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများသည် အချင်းချင်းရင်းနှီး၍ ဗုဒ္ဓရေစက်ချင်းတူညီကြောင်း၊ မိမိသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ ဗန်းမော်ဆရာတော်ကြီးနှင့် အကြိမ်များစွာတွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ ဗုဒ္ဓဘာသာလောက ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မှုကို ဆွေးနွေးခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီးက မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို အလွန်ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာဝင်များ အတူတကွကြိုးပမ်းမှုဖြင့် ကမ္ဘာကြီးပိုမိုငြိမ်းချမ်း ချစ်ကြည်လာစေမည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့သည် မြန်မာ-တရုတ်ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းစသည့် အသင်းအဖွဲ့များက နှစ်နိုင်ငံကူးလူးဖလှယ်မှု တိုးမြှင့်ရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ ဦးကျော်ဝင်းက တရုတ်နိုင်ငံကလှူဒါန်းပေးအပ်မှုကိုကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းတွင် ဗန်းမော်ဆရာတော်ကြီးက နာယကအဖြစ်ထမ်းဆောင်ပြီး တရုတ်နိုင်ငံ၏ယခုအကြိမ်လှူဒါန်းပေးအပ်မှုကို အလွန်တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံဗုဒ္ဓဘာသာလောကနှင့် သက်ကြီးရွယ်အိုများအတွက်ဂရုပြုမှုကို အလိုအပ်ဆုံးလူများ၏ လက်ထဲရောက်အောင် ပို့ဆောင်ပေးပြီး မြန်မာ-တရုတ်ကူးလူးဖလှယ်မှုကို ဆက်လက်တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။