မြန်မာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ ထုတ်လုပ်နိုင်ပြီဟု ဆို

CRI, March 16, 2022
Size:

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၏ မတ်လ ၁၄ ရက်နေ့က ဖော်ပြချက်အရ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာ့ဆေးဝါး (MPI) က တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံမှ Sinopharm CNBG ဆေးဝါးစက်ရုံနှင့် ပူးပေါင်းကာ ၂၀၂၁ ခုနှစ် ဇူလိုင်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်းမှ မြွေဆိပ်ဖြေဆေးနှင့် အခြားကာကွယ်ဆေးများကို ထုတ်လုပ်ထားသည့် အခြေခံစက်များ ရှိသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရန် အခြေအနေရှိသည်ဟု CNBG က  အကြောင်းပြန်ခဲ့ကြောင်း သတင်းအရ သိရသည်။

ထို့နောက်  ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆွေးနွေးညှိနှိုင်းရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ လျှို့ဝှက်ချက်ထိန်းသိမ်းမှုသဘောတူစာချုပ် (Non Disclosure Agreement) အား ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှ ပညာရှင်နှစ်ဦးလာရောက်ကာ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို Myanco-pharm ဖြင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်ပုလင်းလျှင် လူငါးဦးထိုးနှံနိုင်ကြောင်း သိရသည်။