တရုတ်-မြန်မာ နယ်စပ်ဒေသမှ ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအား ချီးကျူးအားပေးသူ

Yunnan Gateway, March 11, 2022
Size:

“ကျွန်တော်ကိုယ်တိုင် လက်တွေ့ကျကျ မတက်ရောက်နိုင်ပေမယ့် စိတ်အားထက်သန်ကတော့ တစ်စက်လေးမှ လျော့မသွားပါဘူး” ဟု တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင်မှ ချန်ချောင်ချင်က စိတ်လှုပ်ရှားစွာ ပြောခဲ့ပါသည်။

အသက် ၈ နှစ် အရွယ်တွင် ချန်ချောင်ချင်သည် ဒေသတွင်း လူငယ်ဘောလုံးအသင်း၏ ရှေ့တန်းတိုက်စစ်မှူး ဖြစ်လာခဲ့ပြီး ထူးချွန်သော ဘောလုံးအားကစားသမားကောင်း တစ်ဦး ဖြစ်ရန် အိပ်မက်ခဲ့သည်။ ၂၀၁၇ ခုနှစ်၌ အထက်တန်းကျောင်းတက်နေသည့် ချန်ချောင်ချင်က ကံမကောင်းစွာဖြင့် အရိုးကင်ဆာရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ဆရာဝန်၏ အကြံပြုချက်အရ သူသည် ခွဲစိတ်ကုသမှုကို ရွေးချယ်ခဲ့သော်လည်း ညာဘက်ခြေထောက်ကိုလည်း ထာဝရ ဆုံးရှုံးခဲ့ရပါသည်။

မိမိအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်တွင် ဆရာ၊ ဆရာမများ၏ မိတ်ဆက်လမ်းညွှန်မှုအောက်တွင် ချန်ချောင်ချင်သည် မသန်စွမ်းများထိုင်ခုံဖြင့် တောလမ်းကြမ်းဖြတ်ကျော် နှင်းလျှောစီးအားကစားနည်းကို စတင်ထိတွေ့ခဲ့ပါသည်။ အားကစားဘီးတပ် ကုလားထိုင်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေစွာ အဆင်ပြေလာသည်မှ တရုတ်အမျိုးသားအသင်းကို ဝင်ရောက်လေ့ကျင့်နိုင်သည်အထိ သူသည် လေ့ကျင့်မှုနှင့် ယှဥ်ပြိုင်မှု အခေါက်တိုင်းတွင် မိမိနှင့် လက်ရွေးစင်များအကြား ယှဥ်ပြိုင်မှုကွာဟချက်များကို ရှင်းရှင်းလင်းလင်း သိရှိလာခဲ့ပါသည်။

“ကျွန်တော့်ကို ကူညီထောက်ပံ့ပေးခဲ့တဲ့လူတွေကို စိတ်မပျက်စေချင်ပါဘူး။ ကျွန်တော် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ မသန်စွမ်းပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ်။” ၂၀၁၉ ခုနှစ် ဧပြီလတွင် လေ့ကျင့်ရေးအဖွဲ့ အဖွဲ့ဝင်များသည် ရုံးအားလပ်ရက်တွင် အနားယူအိမ်ပြန်ကာ အပန်းဖြေကြသော်လည်း ချန်ချောင်ချင်သည် နည်းပြဆရာအား ရုံးမပိတ်ဘဲ ဆက်လက်လေ့ကျင့်ပေးရန် လျှောက်ထားခဲ့ပါသည်။

ကံမကောင်းသည်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလက တာ့လျန်မြို့တွင် လေ့ကျင့်လျက်ရှိနေသည့် ချန်ချောင်ချင်သည် ရုတ်တရက် ကိုယ်ပူကာ တံထွေးထွေးရာ သွေးပါသောရောဂါလက္ခဏာ ဖြစ်ပေါ်လာသဖြင့် ဆေးရုံသို့ သွားရောက်စစ်ဆေးရာ သူ၏အဆုတ်နှစ်ခုစလုံးတွင် ကင်ဆာဆဲလ်များ ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့သည်။ ချန်ချောင်ချင်သည် ဆေးကုသမှုခံယူရမည်ဖြစ်သောကြောင့် လာမည့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲအား နှုတ်ဆက်ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ချန်ချောင်ချင်သည် မန်စီမြို့တွင် နောက်ထပ် ဆေးကုသမှု ခံယူလျက်ရှိနေပါသည်။ ပိုမိုများပြားသော လူများသည် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို အားပေးချီးကျူးကြရန် သူက မျှော်လင့်ထားပါသည်။

( အရင်းအမြစ်၊ “မနောပွဲတော် မွေးရပ်မြေလုံချွမ်း” WeChat အကောင့် ။ ဘာသာပြန်၊ Yunnan gateway)