ဆောင်းတစ်ည၏ ရှုမောဖွယ်ကောင်းသော အချိန်များ

CRI, February 28, 2022
Size:

စာရေးသူ- ရွှေနှင်းဆီဖြူ

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ။ ထိုနေ့ညက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးရဲ့ ပိတ်ပွဲအခမ်းအနားကို ဘေကျင်းရှိ ငှက်သိုက်အဆောက်အဦကြီးမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။ တရုတ်နိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ကျွန်မ လေးနှစ်မှ တစ်ခါသာ မြင်တွေ့ခွင့်ရမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်ပွဲအခမ်းအနားကို တီဗီကနေ ကြည့်နေမိပါတယ်။

၁၇ ရက်ကြာကျင်းပတဲ့ ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးမှာ နိုင်ငံနဲ့ဒေသ ၉၁ ခုက အားကစားမောင်မယ် သုံးထောင်ခန့် ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့စံချိန်သစ် ၂ ရပ်နဲ့ အိုလံပစ် စံချိန်သစ် ၁၇ ရပ်ကို တင်နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ နော်ဝေးက ရွှေ ၁၆ ခုအပါအဝင် ဆုပေါင်း ၃၇ ဆု၊ ဂျာမနီကရွှေ ၁၂ ခုအပါအဝင် ဆုပေါင်း ၂၇ ဆု ဒုတိယနဲ့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၉ ခုအပါအဝင် ဆုပေါင်း ၁၅ ဆုနဲ့ တတိယ၊ အမေရိကန်ကတော့ ရွှေ ၈ ခုနဲ့ စတုတ္ထနေရာရရှိခဲ့ပါတယ်။

ပိတ်ပွဲအခမ်းအနားတိုက်ရိုက် Live ထုတ်လွှင့်မှုမှာ ကျွန်မအတွက် မျက်ရည်လည်မိတဲ့ ပြကွက်ကတော့ ဆုတံဆိပ်ရရှိတဲ့ အားကစားသမားတွေရဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့ပုံရိပ်တွေနဲ့ သူတို့တွေ ဝမ်းသာမျက်ရည်တွေကျကြတဲ့ မြင်ကွင်းပုံရိပ်တွေပါပဲ။ သူတို့ကိုကြည့်ရင်း သူတို့ ပရိသတ်ဖြစ်တဲ့ ကျွန်မလည်းသူတို့နဲ့အတူ ဝမ်းသာပြီး အလိုလိုမျက်ရည်လည်လို့ လာမိပါတော့တယ်။ သူတို့ငိုတော့ ကျွန်မလည်းလိုက်ငိုချင် ဖြစ်မိလာပါတယ်။ သူတို့ရဲ့ အပျော်တွေ ကူးစက်လာတယ်လို့ ခံစားရပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကို အိုလံပစ်ပြိုင်ပွဲကြီးမှာ မှတ်ကျောက် တင်နိုင်ပြီမို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတိုင်းကို လေးစားချီးကျူးရပါတယ်။

တကယ်လည်း သူတို့တွေ ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီးမှ ဆုရခဲ့တာကို ပြီးခဲ့တဲ့ရက်ပိုင်းတွေ တုန်းက တီဗီကနေ တိုက်ရိုက် Live ထုတ်လွှင့်မှုမှာ ကျွန်မတွေ့မြင်ခဲ့ပါတယ်။ ကျွန်မကြည့်ခဲ့ရတဲ့ Curling ပြိုင်ပွဲတစ်ခုမှာဆို တရုတ်အသင်းက ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်နေပါတယ်။ ၅ ကြိမ်မြောက် ပွဲစဉ်ထိ ကိုရီးယားအသင်းက နိုင်နေပါတယ်။ ၆ ကြိမ်မြောက်ကစပြီး ၁၀ ကြိမ်အထိ တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်ကြရင်း နောက်ဆုံးမှာတော့ နည်းစနစ်ပိုင်းနဲ့ ယှဉ်ပြိုင်မှုပိုင်း ပိုတိကျတဲ့ တရုတ်အသင်းက ပြိုင်ဘက် ကိုရီးယားအသင်းကို အနိုင်ရလို့ သွားပါတော့တယ်။ ကျွန်မအရင်ထင်ထားတာက ပြီးခဲ့တဲ့အိုလံပစ်မှာ ဒုတိယရခဲ့တဲ့ ကိုရီးယား အသင်းကို တရုတ်အသင်းက မနိုင်နိုင်ဘူးလို့ ထင်ထားခဲ့တာပါ။ တကယ်လက်တွေ့မှာတော့ တရုတ်အသင်းရဲ့ လက်ရည်က ကိုရီးယားအသင်းထက် ပိုမိုကောင်းမွန်နေတာကို တွေ့လိုက်ရလို့ တရုတ်အသင်းကို အတော်လေး အထင်ကြီးသွားရပါတယ်။ အဲ့ဒီ Curling ပြိုင်ပွဲမှာ ကိုရီးယားအသင်းကို အနိုင်ရခဲ့တဲ့ တရုတ်အသင်းဟာ ပြီးခဲ့တဲ့အိုလံပစ်မှာ ပထမဆုရခဲ့တဲ့ အသင်းကိုလည်း ခဲရာခဲဆစ် အားကုန်ယှဉ်ပြိုင်ပြီးနောက် အိုလံပစ်ဆုတံဆိပ် ရွှေတံဆိပ်ဆုကြီးကို ရယူပေးခဲ့တာ တွေ့လိုက်ရပါတယ်။ ဒီလိုပါပဲ တခြားသော ပြိုင်ပွဲတွေလည်း ကျွန်မ ကြည့်မိပါ သေးတယ်။ တရုတ်နိုင်ငံအတွက် အိုလံပစ်ဆုတံဆိပ် ၃ ခုကို ဆွတ်ခူးပေးခဲ့တဲ့ အသက် ၁၈ နှစ် အရွယ်သာရှိသေးတဲ့ ကူအိုက်လင်ဆိုရင်လည်း စကိတ်စီးအလှပြမှာ အတော်လေး အန္တရာယ်များတဲ့ ပြကွက်တွေကို စွန့်စားပြသရင်း တရုတ်နိုင်ငံအတွက် ရွှေ ၂ ခုနဲ့ ငွေ တံဆိပ် ၁ ခု စုစုပေါင်း အိုလံပစ်ဆုတံဆိပ် ၃ ခု ရယူပေးခဲ့တာ တွေ့ရပါတယ်။

အားကစားချစ်သူပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ ဘေကျင်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကြီးကနေ ဆောင်းရာသီအိုလံပစ် အားကစားတွေက ဘယ်လို အားကစားနည်းတွေလဲ။ ဘယ်အားကစားနည်းက ဘယ်လိုပါဝင်ယှဉ်ပြိုင်ရသလဲ။ ဆောင်းရာသီအိုလံပစ် အားကစားက ဘယ်လောက် လေးနက်သလဲ။ ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းသလဲဆိုတဲ့ ဆီးနှင်းအားကစားရဲ့ ရသမျိုးစုံကိုလည်း အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ကြည့်ရင်း သိရှိခဲ့ရပါတော့တယ်။ သေချာတာတစ်ခုကတော့ အားကစားသမားတိုင်းကို နိုင်နိုင်ရှုံးရှုံး အားပေးခဲ့တာပါပဲ။ ကျွန်မလိုပါပဲ တရုတ်နိုင်ငံက ဘေကျင်းပြည်သူပြည်သားတွေဟာလည်း တရုတ်နိုင်ငံကို လာရောက်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတိုင်းကို အားပေးကြတာ တွေ့ရပါတယ်။ ဒါဟာ ခွဲခြားမှုမရှိတဲ့ အိုလံပစ်စိတ်ဓာတ်ပဲလို့ ပြောလို့ရပါတယ်။

ဒီတစ်ခါ ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ကျွန်မအတွက် စိတ်ဝင်အစားဆုံး ဖြစ်မိတဲ့ နိုင်ငံတွေကတော့ အပူပိုင်းနိုင်ငံတွေကနေ လာရောက်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေပါပဲ။ အပူပိုင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့က အားကစားသမားတွေ လာရောက်ယှဉ်ပြိုင်ကြတာမြင်တော့ ကျွန်မနဲ့ အလုပ်အတူတူလုပ်ကြတဲ့ မိတ်ဆွေတွေက မြန်မာနိုင်ငံရော ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ကူးရှိလားတဲ့။ ကျွန်မကလည်း မြန်မာနိုင်ငံဝင်ပြိုင်ဖို့ အခွင့်အရေးရှိနိုင်မလား မေးကြည့်တော့ သူတို့ကအိုလံပစ်ရဲ့ စည်းကမ်းတချို့ကို ကျွန်မကို ဝေမျှပေးပါတယ်။ သူတို့ ဝေမျှပေးတဲ့အထဲမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ဆိုရင် သတ်မှတ်ချက်အရ ဥပမာ- တောင်အမြင့် နှင်းလျှောစီးပြိုင်ပွဲစဉ် ဆိုရင် FIS (International Ski Federation) မှာ အမှတ်အများဆုံး အယောက် (၅၀၀) ထဲရှိတဲ့ လက်ရွေးစင်တွေသာ တောင်အမြင့်နှင်းလျှောစီးပြိုင်ပွဲကို ပါဝင်ခွင့်ရတယ်တဲ့။ တကယ်လို့ နိုင်ငံတစ်ခုခုက နှင်းလျှောစီးပြိုင်ပွဲလက်ရွေးစင်က အမှတ်စာရင်း ရှေ့တန်း (၅၀၀) ထဲကို မဝင်ရင် ဒါမှမဟုတ် တစ်ဦးတည်းသာရှိရင် နိုင်ငံတကာအိုလံပစ် ကော်မတီဟာ အဲဒီနိုင်ငံအတွက် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်ရွေးစင်စုစုပေါင်းနှစ်ဦးကို ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးတယ်တဲ့လေ။ ဒါကြောင့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွေ မဖွံ့ဖြိုးသေးတဲ့ အပူပိုင်းနိုင်ငံများက အားကစားသမားတွေဟာလည်း အိုလံပစ်ခွဲတမ်း စည်းကမ်းအရ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲမှာ ပါဝင်ခွင့် ရလာကြ ပါတယ်တဲ့။

ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ဦးတည်းသော အမျိုးသားအားကစားသမားဟာ တောင်အမြင့် နှင်းလျှောစီးပြိုင်ပွဲ အမျိုးသားပွဲစဉ်ကိုပါဝင်ခဲ့ပြီး အိန္ဒိယကိုယ်စားလှယ်အဖွဲ့ရဲ့ တစ်ဦးတည်းသော လက်ရွေးစင်အားကစားသမားဟာလည်း တောင်အမြင့်နှင်းလျှောစီးပြိုင်ပွဲကို ပါဝင်ခဲ့ပါတယ်။ သူတို့လိုပါပဲ မဒါဂါစကာလက်ရွေးစင်ကစားသမားဟာလည်း တောင်အမြင့် နှင်းလျှောစီးပြိုင်ပွဲ အမျိုးသမီးပွဲစဉ်ကို ပါဝင်ခဲ့ပါတယ်။ သူဟာ သူ့နိုင်ငံအတွက် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးလက်ရွေးစင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျမေကာလက်ရွေးစင်ကစားသမားဟာလည်း တောင်အမြင့် နှင်းလျှောစီး ပြိုင်ပွဲ အမျိုးသားပွဲစဉ်ကို ပါဝင်ခဲ့ပါတယ်။ သူဟာ ဂျမေကာနိုင်ငံသမိုင်းမှာ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်ကို ပါဝင်တဲ့ ပထမဆုံးလက်ရွေးစင်ဖြစ်ပါတယ်။ ဒီလိုအပူပိုင်းနိုင်ငံက အားကစား သမားတွေရဲ့အကြောင်းကို ကြားသိရတော့ ကျွန်မလည်း ကိုယ့်နိုင်ငံကအားကစားသမားတွေကို နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရစေချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်မိပါတော့တယ်။

ဒါပေမယ့် ကျွန်မက တစ်ခုတော့ စိတ်ဖြေမိပါတယ်။ ဒီတစ်ကြိမ် ကျင်းပတဲ့ ဘေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအနေနဲ့ အခြေအနေအရပ်ရပ်ကြောင့် ပါဝင် ယှဉ်ပြိုင်ခွင့် မရသေးပေမယ့် ဘေကျင်းဆောင်းရာသီအိုလံပစ်အတွက် Together for the shared Future ဆိုတဲ့ ဆောင်ပုဒ်ထုတ်ပြန်အချိန်ကတည်းကစပြီး နိုင်ငံတကာက သတင်းထောက် တွေနဲ့အတူ မြန်မာနိုင်ငံသူကျွန်မဟာ အိုလံပစ်ဆောင်ပုဒ်ကို ရွတ်ဆိုရတဲ့ Video ကို ရိုက်ကူးခွင့် ရခဲ့သလို ဆောင်းရာသီအိုလံပစ်ဆိုင်ရာ ဆောင်းပါးတွေကို ရေးသားခြင်း၊ ဆီးနှင်း အားကစားမိတ်ဆက် Video များကို ရိုက်ကူးခြင်းများနဲ့ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကြီးကို မီဒီယာပိုင်းကနေ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်မလိုပါပဲ တရုတ်နိုင်ငံရောက် မြန်မာပညာတော်သင်တစ်ဦးဟာလည်း ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးမှာ စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ခွင့်ရခဲ့သေးတယ်လို့ သိရပါတယ်။ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံက ကျွန်မတို့နှစ်ဦးဟာ အားကစားသမားတစ်ဦးအနေနဲ့မဟုတ်ဘဲ တခြားကဏ္ဍကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဆောင်းအိုလံပစ် အတွေ့အကြုံကောင်းတွေကို ကျွန်မတို့ကနေတစ်ဆင့် မြန်မာနိုင်ငံသားတွေကို ပြန်လည်ဝေမျှနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ် ဘေကျင်းဆောင်းရာသီအိုလံပြိုင်ပွဲကြီးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိပါတယ်။

ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးရဲ့ ပိတ်ပွဲအခမ်းအနားကတော့ ဆောင်းအိုလံပစ်ရဲ့ အနှစ်သာရပုံသဏ္ဍာန်ကို အလှဆုံး ဖော်ကျူးရင်း ဆီးနှင်းကိုချစ်တဲ့ အားကစားပရိသတ်တွေကို ဆောင်းအိုလံပစ်ရဲ့ရသတွေကို အကောင်းဆုံး ပေးစွမ်းနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ ၂၀၂၆ ခုနှစ်မှာ ဆိုရင်တော့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးကို အီတလီနိုင်ငံမှာ ကျင်းပပါတော့မယ်။ လေးနှစ်မှ တစ်ကြိမ်ကျင်းပမယ့် ဆောင်းအိုလံပစ်ပြိုင်ပွဲကြီးကို ဆီးနှင်းအားကစား ချစ်မြတ်နိုးသူ တစ်ယောက်အနေနဲ့ လွမ်းရပါဦးမယ်။ ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးကတော့ ရှုမောဖွယ် အကောင်းဆုံး အိုလံပစ်အနှစ်သာရကို ဖော်ဆောင်နိုင်ခဲ့ချေပြီဟု ဆိုရပါမယ်။