လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု “ခရီးသွားလာရေး သုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းစတင်ခြင်းအခမ်းအနားကို ကျင်းပ

CRI, February 28, 2022
Size:

၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည့် “ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်မှု” စီမံကိန်းစတင်ခြင်း အခမ်းအနားနှင့် စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို မကြာခင်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ပြီး အမှာစကားပြေားကြားခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

သံအမတ်ကြီး Mr. Chen Hai က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဖော်ဆောင်လာကတည်းက ပြည်သူများနှင့်တစ်သားတည်းဖြစ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း၊ ပြည်သူလူနေမှုဘဝအကျိုးပြုသည့်စီမံကိန်းဖြင့် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးအတွက် အကျိုးထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အထူးရန်ပုံငွေထောက်ပံ့မှုရရှိသည့် စီမံကိန်းပေါင်း ၇၃ ခု ရှိပြီးဖြစ်ကာ စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည့်ကဏ္ဍမျိုးစုံ ပါဝင်ကြောင်း၊ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်ခြင်းသည် ရန်ပုံငွေကထောက်ပံ့ထားသည့် ခရီးသွားလာရေးကဏ္ဍတွင် အရေးပါစီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသုတေသနနှင့် ခေတ်မီခရီးသွားရေးစနစ် တည်ဆောက်မှုကို ထိရောက်စွာဖော်ဆောင်ပြီး ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမှုကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ လွန်ခဲ့သည့်နှစ်နှစ်အတွင်း၌ တရုတ်-မြန်မာက လန်ချန်း-မဲခေါင်ခရီးသွားမြို့တော် ပူးပေါင်းဆောင်ရွက်မှုမဟာမိတ်၊ တရုတ်-မြန်မာခရီးသွားဖိုရမ် စသည့်မူဘောင်အောက်တွင် ထိရောက်သည့်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ကပ်ရောဂါအခြေအနေကို စဉ်ဆက်မပြတ် ထိရောက်စွာ ကာကွယ်ထိန်းချုပ်၍ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့ကြောင်း၊ လူမှုစီးပွားကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ထိန်းသိမ်းထားပြီး ပြည်တွင်းခရီးသွားလာမှုဈေးကွက် တည်ငြိမ်စွာကောင်းမွန်လာကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ ခရီးသွားလာရေးကဏ္ဍ ကပ်ရောဂါကာကွယ်ရေးနှင့် ပြန်လည်ဦးမော့လာရေး အတွေ့အကြုံကိုမျှဝေလိုပြီး မူဝါဒညှိနှိုင်းမှုနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံ လူမှုရေးနှင့် ယဉ်ကျေးမှုခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာဘက်က တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံနှင့်ပြည်သူများကို လက်တွေ့ကျ အကျိုးဖြစ်ထွန်းစေကြောင်း၊ လေ့ကျင့်ရေးစင်တာတည်ဆောက်မှုသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သက်ဆိုင်ရာဘက်အသီးသီးကို အကျိုးပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပညာရှင်များ ပါဝင်မှုသည်လည်း မြန်မာနိုင်ငံခရီးသွားလာရေး သုတေသနလုပ်ငန်း အဆင့်အတန်း မြှင့်တင်မှုအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါ ဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်ခြင်း” စီမံကိန်းကာလသည် တစ်နှစ်ဖြစ်ပြီး သုတေသနစင်တာနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းတည်ဆောက်ကာ မြန်မာနိုင်ငံထံ ခရီးသွားလုပ်ငန်း သက်ဆိုင်ရာအသိပညာဗဟုသုတ၊ ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်မှု ထောက်ပံ့သွားမည်ဖြစ်သည်။ ယူနန်ဘဏ္ဍာရေးတက္ကသိုလ် ခရီးသွားလာမှုစီမံခန့်ခွဲမှုပညာရှင် ပါရဂူ Ms. Zhang Min က ပြည်ပအတိုင်ပင်ခံပညာရှင်အနေဖြင့် စီမံကိန်းတွင်ပါဝင်မည်ဖြစ်သည်။