ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ‌တော်ကြီးမှာ ထူးထူးခြားခြား သတိပြုမိသည့်အကြောင်းအရာများ

CRI, February 22, 2022
Size:

၂၀၂၂ ခုနှစ် ပီကင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ပီကင်းမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ပီကင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခြင်းနဲ့ပတ်သက်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးစိန်ညွန့်က ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ‌တော်ကြီးမှာ ထူးထူးခြားခြား သူသတိပြုမိသည့်အကြောင်းအရာများကို အခုလို ပြောပါတယ်ရှင်။

၂၀၂၂ ပီကင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကြီးကို ပေကျင်းမြို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိကျင်းပခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ် ပြီးတဲ့နောက် ဒုတိယအကြိမ် ကျင်းပခွင့်ရတာဖြစ်သလို အာရှတိုက်မှာလည်း ယခင်နှစ်က ဂျပန် နွေရာသီအိုလံပစ်ပြီးတဲ့နောက် ဒုတိယအကြိမ် ကျင်းပခွင့်ရတာဖြစ်တယ်လို့ မှတ်သားမိပါတယ်။

ဒီကာလဟာ ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်မှုတွေ၊ ကိုဗစ် ကပ်‌ရောဂါ နောက်… ပထဝီ နိုင်ငံရေးအားပြိုင်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာမျိုးစုံ ရင်ဆိုင်နေရတဲ့ကာလဖြစ်တာကိုလည်း တွေ့ရှိ ရပါတယ်။ တရုတ်နိုင်ငံအစိုးရအနေနဲ့က ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ဇီးရိုး(0) ကိုဗစ်ဆာဂျရီပေါ့နော် တင်းတင်းကျပ်ကျပ်နဲ့ ကိုဗစ်ရောဂါဆိုင်ရာထိန်းချုပ်မှုတွေကို လုပ်တဲ့အတွက် ပြဿနာ ကြီးထွားလာတာမရှိဘူးဆိုတာလည်း သိရပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံ‌ပေါင်း ၉၀ ကျော်က အားကစားသမား ၂၉၀၀၊ ၃၀၀၀ နီးပါး ပါဝင်ပြီး‌တော့ ယှဉ်ပြိုင်ခဲ့ကြတယ်။ ကမ္ဘာ့နိုင်ငံ‌ ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ် ကမ္ဘာ့အိုလံပစ် ကော်မတီဥက္ကဋ္ဌ အပါအဝင် နိုင်ငံခေါင်းဆောင်ပေါင်း ၂၀ ကျော်ကလည်း ဆောင်းရာသီ အိုလံပစ်ပွဲကြီးကို တက်‌ရောက် ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။

တစ်ဖက်မှာလည်း အနောက်အုပ်စုဝင်နိုင်ငံတချို့က အိုလံပစ်ကို သပိတ်မှောက်တယ် ဆိုတာ‌တွေလည်း ကြားသိ‌‌နေရပါတယ်။ တကယ်‌တော့ အိုလံပစ်ပွဲတော်ဆိုတာ အပြန်အလှန် နားလည်‌လေးစားမှု ၊ချစ်ကြည်ရင်းနှီးမှု ၊ စည်းလုံးညီညွတ်မှု ၊တရားမျှတစွာ ယှဉ်ပြိုင်မှု‌‌တွေကို ဖော်ဆောင်နေတာဖြစ်ပြီး‌တော့ အားကစားပြိုင်ပွဲမှာ နိုင်ငံရေးကိစ္စတွေ ပါဝင်ရောယှက် ရောထွေး တာမျိုးက‌တော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။

ဒီနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ‌တော်ကြီးမှာ ထူးထူးခြားခြား သတိပြုမိတာကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စကို အလေးထားတယ်ဆိုတာပါပဲ။ အစဉ်အလာအရ သယ်ဆောင်တဲ့ အိုလံပစ်မီးရှူးတိုင်ဟာ ဒီနှစ်မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုအသုံးပြုတဲ့အတွက် ကာဗွန်ထုတ်လွှတ်မှု မရှိဘူးဆိုတာ‌ တွေ့ရပါတယ်။ အလားတူပဲ အားကစားရွာတွေမှာ အလင်းရောင်ပေးတာနဲ့ ကျွန်တော်တို့ အနွေးထည်၊ အနွေးဓာတ်(heating)ပေးတဲ့ နေရာမှာသုံးတဲ့ Green Energy လို့‌ခေါ်တဲ့ လေစွမ်းအင်၊ နေစွမ်းအင်တွေကိုအသုံးပြုတာတွေကိုလည်း ပထမဆုံးအကြိမ်အ‌နေနဲ့ တွေ့ရှိရပါတယ်။

ပြီးတော့ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို ကြည့်ရပြီးတဲ့နောက်မှာ‌တော့ တရုတ်နိုင်ငံအနေနဲ့ ကြီးကျယ် ခမ်းနားစွာ စွမ်းအားဖော်ဆောင်နိုင်တဲ့ စွမ်းအားပြည့်အသုံးချတာကိုလည်း သတိပြုမိပါတယ်။ ဆက်လက် ကျင်းပမယ့် မသန်စွမ်းအိုလံပစ်ပွဲတော်ကြီးလည်း ယခုလို အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ပါပဲ။