ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အောင်မြင်မှုဖြစ်သလို ကမ္ဘာ့အောင်မြင်မှုလည်း ဖြစ်ကြောင်းဝမ်ရိပြော

Yunnan Gateway, February 22, 2022
Size:

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖိတ်ကြားချက်အရ ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ဆွေးနွေးပွဲ တရုတ်နိုင်ငံဆိုင်ရာ အစည်းအဝေး (MSC Conversation:China Edition) ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

မိန့်ခွန်းပြောကြားရာတွင် ဝမ်ရိက ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမှုသည် အောင်မြင်စွာ ပြီးဆုံးတော့မည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင် စိတ်အားထက်သန်စွာ ထောက်ခံအားပေးပြီး ပါဝင်ဆင်နွှဲသူများအပေါ် လေးနက်စွာကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်မှုသည် တရုတ်နိုင်ငံ၏ အောင်မြင်မှုဖြစ်သလို ကမ္ဘာ့အောင်မြင်မှုလည်း ဖြစ်ကြောင်း၊ ဤကြီးကျယ်ခမ်းနားသည့် ကမ္ဘာကျော် အားကစားပွဲတော်သည် ကပ်ရောဂါနှင့် ဆောင်းအအေးဒဏ် ခံစားနေရသည့် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် နွေးထွေးမှုနှင့် မျှော်လင့်ချက်များ ဆောင်ကျဉ်းလာသလို မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာကြီးအတွက်လည်း ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၏ အဖိုးတန်သော အားအင်များကို ဖြည့်သွင်းပေးခဲ့ကြောင်း ဝမ်ရိကဆိုသည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ၏ ဆောင်ပုဒ်မှာ “လက်တွဲတူညီ အနာဂတ်ဆီသို့ “ဖြစ်ရာ ပြိုင်ပွဲတွင် ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်နေသည့် ပြိုင်ဖက်များကစ ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ကြပြီး အပြန်အလှန် အားပေးကူညီခဲ့ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ပြိုင်ဖက်များကို အနိုင်ယူရန်မဟုတ်ဘဲ မိမိကိုယ်ကို ကျော်လွှားရန်ဖြစ်ကြောင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင်လည်း ထိုသို့သော စိတ်ဓာတ်များကို ကျင့်သုံးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကပ်ရောဂါအလွန်ကာလတွင် သင်္ဘောတစ်စီးတည်း စီးနင်းကာ ပိုမိုသာယာသောအနာဂတ်ကို ဖန်တီးရန် လိုလားကြောင်း ဝမ်ရိကပြောကြားခဲ့သည်။ (Xinhua)