အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးမှ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဆောလျင်စွာ ကိုင်တွယ်ဖြေရှင်းရေး ကူညီရန် မျှော်လင့်

CRI, February 18, 2022
Size:

အာဆီယံအလှည့်ကျသဘာပတိနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn က အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား အကျပ်အတည်းမှ ဆောလျင်စွာ ရုန်းထွက်ရန် ကူညီဖို့ မျှော်လင့်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပခဲ့ပါသည်။ ထိုနေ့ညနေပိုင်းက ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးဦးစီးကျင်းပသူ Prak Sokhonn က မြန်မာ့ပြဿနာသည် ယခုအကြိမ် အစည်းအဝေး၏ အာရုံစိုက်မှုတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းအကျပ်အတည်းကြောင့် အရှေ့တောင်အာရှဒေသ၏ သံတမန်ရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုကို ဆိုးဝါးလာစေနိုင်ဖွယ်ရာရှိကြောင်း၊ အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကျပ်အတည်းများမှ ရုန်းထွက်ရန် ကူညီဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် အာဆီယံအဖွဲ့အထူးကိုယ်စားလှယ်အဖြစ် Prak Sokhonn ကလည်း မိမိအနေနှင့် ယခုနှစ် မတ်လ ဒုတိယသီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခေါင်းဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများနှင့် မြန်မာနိုင်ငံ၏အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အွန်လိုင်းနှင့် Off လိုင်းပုံစံဖြင့် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံသည် အစည်းအဝေးသို့ မတက်ရောက်ပါ။ အစည်းအဝေးတက်ရောက်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ အတူတကွ ရင်ဆိုင်ရေးဟူသော ဆောင်ပုဒ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။