တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တိုက်တွန်းကြောင်း ပြောကြား

Yunnan Gateway, January 26, 2022
Size:

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၅ ရက် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာကြရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအနေဖြင့် ဂူတာရက်စ်၏ပြောကြားမှုကို ခိုင်မာစွာ ကြိုဆိုထောက်ခံကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖယ်ရှားရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် အစားထိုးရန် တိုက်တွန်းကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ကကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကျောက်လိကျန်းက ရှည်လျားသောသမိုင်းရှိသည့် အိုလံပစ် အပစ်အခတ်ရပ်စဲရေးအစဉ်အလာသည် လူသားတို့၏ ငြိမ်းချမ်းရေးနှင့် အပြန်အလှန် ဖေးမကူညီခြင်း လိုလားချက်များကို အသွင်ဆောင်ပြီး ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော ရည်ရွယ်ချက်နှင့် အလားတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ပေကျင်းဆောင်ရာသီအိုလံပစ်ပွဲတော် အိုလံပစ်အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် ခိုင်မာသောယုံကြည်မှုကို ပေါ်လွင်ကြောင်းနှင့် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ကမ္ဘာ့နိုင်ငံပြည်သူအသီးသီးမှ ကြီးမားသောအင်အားကို စုစည်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်ငြိမ်းချမ်းရေး ကတိကဝတ်များကို ခိုင်မာစွာ လိုက်နာကာ စစ်မှန်သော နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံမူဝါဒကို ကျင့်သုံးပြီး ကုလသမဂ္ဂ၏လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ထောက်ခံကာ နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ပွဲတော်များတွင် တက်ကြွစွာပါဝင်မည်နှင့် ယခင်က အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်များကို ထောက်ခံကြောင်း၊ အားကစားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန် တရုတ်နိုင်ငံအင်အားကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက နိုင်ငံအသီးသီးအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းအဖြစ် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖယ်ရှားရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် အစားထိုးရန်၊ အပြန်အလှန်နားလည်မှုကို တိုးမြှင့်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိုလံပစ်မီးလျှံသည် နောက် ၁၀ ရက် ကြာပြီးနောက်ဆိုလျှင် ပေကျင်း၌ ထပ်မံထွန်းညှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် လက်တွဲကာ ပို၍စည်းလုံးညီညွတ်သည့် အိုလံပစ်စိတ်ဓာတ်ကို အကောင်အထည်ဖော်ပြီး ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော် အခွင့်အလမ်းဖြင့် ငြိမ်းချမ်းပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ အတူလျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ကျောက်လိကျန်းကဆိုသည်။(Xinhua)