တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်လာပြီး မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန် အထောက်အကူပြု

CRI, January 8, 2022
Size:

တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့နယ်စပ်ဂိတ် စမ်းသပ်ဖွင့်လှစ်ပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင် ကုန်သွယ်မှုပမာဏ ကျပ်ငွေ ၆၀ ဘီလီယံ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ “ကြေးမုံ” သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကျင်စန်းကျော့နယ်စပ်ဂိတ်သို့ မော်တော်ယာဉ်အစီးရေ ၁၀၀၀ ကျော် အဝင်အထွက်ပြုလုပ်ခဲ့ပြီး စုစုပေါင်း ကုန်စည်စီးဆင်းမှုပမာဏ တန်ချိန် ၃၀၀၀၀ ကျော်ရှိကြောင်း၊ ကုန်သွယ်မှုပမာဏ ကျပ်ငွေ ၆၀ ဘီလီယံ ရရှိခဲ့ကြောင်း မြန်မာ-တရုတ် နယ်စပ်ကုန်သည်ကြီးများအသင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အလုပ်အမှုဆောင် ဦးဇော်သန်းထွန်းက ပြောကြားသည်။ လက်ရှိစမ်းသပ်ဖွင့်လှစ်သည့်ကာလအတွင်း ကျင်စန်းကျော့ဂိတ်ကို နေ့စဉ်မော်တော်ယာဉ်အစီးရေ ၃၀ မှ ၄၀ ခန့်သာ ဖြတ်သန်းသွားလာနေပါသည်။ ယခင်က မူဆယ်နယ်စပ်ကုန်သွယ်မှုတွင် မန့်ဝင်းပေါက်၊ ဆင်ဖြူပေါက်၊ ကျင်စန်းကျော့ဂိတ်ပေါက်၊ ပန်ဆန်း (ကြူကုတ်) ပေါက်များမှ နေ့စဉ်မော်တော်ယာဉ်အစီးရေ ၆၀၀ မှ ၈၀၀ အထိ (လက်ရှိအရေအတွက်ထက် အဆ ၂၀) အဝင်အထွက်ရှိပါသည်။ ဆိုလိုသည်မှာ ရက်ပေါင်း ၃၀ အတွင်း ကျပ်ငွေ ၆၀ ဘီလီယံရရှိခြင်းသည် လက်ရှိ “ပုံမှန်မဟုတ်သော” ကုန်သွယ်မှုပမာဏသာဖြစ်ပြီး “ပုံမှန်” ကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏသည် လက်ရှိပမာဏ၏ အဆ ၂၀ ရှိမည် ဖြစ်သည်။

ကာလကြာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တောက်လျှောက်ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန်နိုင်ငံလည်း ဖြစ်သည်။ မကြာမီက ကုန်ဆုံးခဲ့သည့် မြန်မာနိုင်ငံ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ) တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၄.၉၀၅ ဘီလီယံ တင်ပို့ခဲ့ပြီး အလားတူကာလတွင် ထိုင်း၊ အိန္ဒိယသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၁၇၂ ဘီလီယံနှင့် ၉၄၁ သန်း အသီးသီးရှိခဲ့ပါသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားခဲ့ရပြီး မြန်မာနိုင်ငံ ကုန်သွယ်မှုတစ်ခုလုံး အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုအပေါ် များစွာထိခိုက်မှုရှိခဲ့သည်။ နိုဝင်ဘာလနှောင်းပိုင်းအထိ ၂၀၂၁-၂၀၂၂ ကြားကာလဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၆၈ သန်းခန့်ရှိပြီး ယခင်နှစ်ကာလတူထက် ၆၇၃ သန်း လျော့ကျခဲ့သည်။ ၎င်းအနက် ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၄၃၃ သန်းရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ  ၅၇၈ သန်း လျော့ကျခဲ့သည်။ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၃၅ သန်းရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၉၅.၉ သန်း လျော့ကျခဲ့သည်။

ကပ်ရောဂါ၏ ထိုးနှက်မှုအကြားမှ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်စေရန်အတွက် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီရပ်ဆိုင်းထားစဉ်အတွင်း တရုတ်-မြန်မာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးတို့၌ မြှင့်တင်ရေးလုပ်ငန်း အများအပြား လုပ်ဆောင်ခဲ့ကြသည်။ ဥပမာအားဖြင့် ကပ်ရောဂါကာကွယ်ရေးဂိတ်ပေါက်များ ရှေ့သို့တိုးခြင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ ကာကွယ်ဆေးများ လှူဒါန်းခြင်း၊ မူဆယ် ၁၀၅ မိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ နယ်စပ်ကုန်သွယ်ရေးအတွက် စက်ယန္တရားပုံစံ ဂိတ်ပေါက်ဖြတ်သန်းရေး စက်ပစ္စည်းအသုံးအဆောင်များကို အဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ပေးခြင်း၊ ကွန်တိန်နာ၊ ဝန်ချီ၍ သယ်ယူပို့ဆောင်ခြင်း စသည့် မထိတွေ့သည့်နည်းလမ်းများဖြင့် သယ်ယူပို့ဆောင်ခြင်းပုံစံကို စူးစမ်းလေ့လာခြင်းတို့ဖြင့် ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် ဂိတ်ပေါက်ဖြတ်သန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အမြန်ဆုံး ပြန်လည်ပုံမှန်လည်ပတ်နိုင်ရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းမှစတင်၍ တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်၊ ကျင်စန်းကျော့၊ ကန်ပိုက်တီးစသည့် အဓိကကုန်သွယ်ရေးဂိတ်များ တဖြည်းဖြည်း ဖွင့်လှစ်ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုတွင် ယွမ်ငွေနှင့်ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင်လာသည်။ သက်ဆိုင်ရာအစီအမံများဖြင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု ပုံမှန်ဖြစ်လာရေး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်မြှင့်တင်ရေး၊ မြန်မာပြည်သူများ ဝင်ငွေတိုးမြင့်လာစေရေး တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။