တရုတ်-လာအိုရထားလမ်း ကုန်စည်ပို့ဆောင်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိ၊ ကုန်ပစ္စည်းပို့ဆောင်မှု တန်ချိန် ၅၀,၀၀၀ ကျော် ရှိပြီဖြစ်

Yunnan Gateway, December 24, 2021
Size:

ဒီဇင်ဘာ ၂၁ ရက်အထိဆိုလျှင် တရုတ်-လာအိုရထားလမ်းတွင် မောင်းနှင်သွားလာသည့် ကုန်ရထားအစီးရေ ၂၀၃ စီးရှိပြီဖြစ်ကာ ကုန်စည်ပို့ဆောင်မှု တန်ချိန် ၅၀,၀၀၀ကျော်ဖြင့် တည်ငြိမ်စွာ တိုးတက်မှုရှိနေကြောင်း China Railway Kunming Group Co.,Ltd.၏သတင်းများအရ သိရသည်။

တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြီးနောက် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံစသည့်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်မှုသည် ပို၍ အဆင်ပြေလွယ်ကူမှုရှိလာခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်အထိ တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံအပိုင်း စုစုပေါင်း ကုန်စည်ပို့ဆောင်မှုပမာဏ ၂၈,၀၀၀ ကျော်ရှိပြီး လာအိုနိုင်ငံအပိုင်းတွင် ၂၂,၀၀၀ ကျော် ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်မှစ၍ ကူမင်းဘူတာမှ ပထမဆုံး တရုတ်-လာအိုရထားလမ်း နိုင်ငံတကာ ကုန်ရထား ထွက်ခွာခဲ့ပြီးနောက် ဆန်းတုန်းပြည်နယ်စသည့် ဒေသများကလည်း တရုတ်-လာအိုရထားလမ်းအား အမှီပြု၍ နိုင်ငံတကာကုန်ရထားများ ဆက်တိုက်ဆိုသလို သွားလာမှုများရှိခဲ့သည်။ လက်ရှိ မောင်းနှင်သွားလာသည့် ကုန်ရထား ၂၀၃ စီးတွင် နိုင်ငံတကာကုန်ရထား ၄၇ စီးရှိသည်။ စာရင်းများအရ သွင်းကုန်ပစ္စည်းများတွင် အဓိကအားဖြင့် သဘာဝရော်ဘာ စသည်တို့ပါဝင်ပြီး ပို့ကုန်အနေဖြင့် အဓိကအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ လျှပ်စစ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တရုတ်-လာအိုရထားလမ်း ခရီးသည် သယ်ယူပို့ဆောင်မှုပမာဏသည်လည်း အဆက်မပြတ် တိုးမြင့်လာသည်။ ခရီးသွားများ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် China Railway Kunming Group Co.,Ltd.က တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံအပိုင်း ရထားအစီးရေများကို တိုးချဲ့ပြေးဆွဲခဲ့ရာတွင် ရထားလမ်းဖွင့်လှစ်သည့်ကနဦးကာလ အသွားအပြန် ၁၇.၅ ခေါက်စီ အသီးသီးရှိရာမှ ပြီးခဲ့သည့်အပတ်က အများဆုံးအဖြစ် ၃၁.၅ စီ ပြေးဆွဲခဲ့ကြောင်း၊ စစ်ဆောင်ပန်နားဘူတာ၌ ခရီးသွားအများဆုံးနေ့တွင် လူပေါင်း ၆,၀၀၀ ကျော် ရှိကြောင်းသိရသည်။ (Xinhua)