တရုတ်နိုင်ငံ အထောက်အပံ့ဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် လွှဲပြောင်းအပ်နှံ

Yunnan Gateway, December 17, 2021
Size:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ လွှဲပြောင်းအပ်နှံခြင်း စာချွန်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲရုံသည် တရုတ်နိုင်ငံအစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို သင်္ကေတပြုနိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ အမျိုးသားအားကစားရုံ၏ အခန်းကဏ္ဍကို ပိုမိုပြည့်စုံစေရန် တရုတ်နိုင်ငံ အစိုးရက အားကစားရုံအား အခမဲ့ ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နှစ်ဘက်လုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ယနေ့စီမံကိန်းကို အောင်မြင်စွာ ပြီးဆုံးပြီး လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများနှင့် အားကစားသမားများ ယခုနေရာတွင် အားကစားလေ့ကျင့်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွက် ပြိုင်ပွဲနှင့် အခမ်းအနား အမျိုးမျိုးတို့ကို လက်ခံကျင်းပနိုင်ရန်လည်း ပိုမိုအဆင်ပြေစေနိုင်မည် ဖြစ်၍ ဝမ်းမြောက်မိကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“တရုတ်နဲ့မြန်မာအကြား အားကစားနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက အလေးထားပါတယ်။ မကြာသေးမီနှစ်များအတွင်း နည်းပြဆရာတွေ စေလွှတ်တာ၊ တရုတ်နိုင်ငံကို အားကစားသမားတွေ ဖိတ်ခေါ်ပြီး လေ့ကျင့်ပေးတာ၊ အားကစားလေ့ကျင့်ရေးပစ္စည်းတွေနဲ့ စက်ကိရိယာတွေ ပေးအပ်လှူဒါန်းခဲ့ပြီးတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေရဲ့ ကိုယ်ကာယကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေမှာ ပါဝင်ကူညီနိုင်ဖို့ တရုတ်ဘက်က တက်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။” ဟု သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အားကစားနယ်ပယ်တွင် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ တရုတ်နိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများ ပိုမိုမျှဝေရန်၊ နှစ်နိုင်ငံအကြား အားကစားနယ်ပယ် ဖလှယ်မှုကို ယန္တရားစနစ်အဖြစ် အားကောင်းလာစေရန်၊ လူငယ်အားကစားသမားများ အပြန်အလှန်ဖလှယ်ရေး စသည့်လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအားကစားရုံကို အဆင့်မြှင်တင်ရေး စီမံကိန်းသည် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် ဆောက်လုပ်ရေးဌာနများမှ ဝန်ထမ်းများအားလုံး ပူးပေါင်းကြိုးပမ်းအားထုတ်မှု ရလဒ်တစ်ခုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအတွက် စာမျက်နှာသစ်ကို ရေးသားခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ရှိအားကစားရုံကြီးအား မူလပုံစံမပျက်ဘဲ သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးခဲ့သည့်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း ဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ပေးမှုမှာလည်း နှစ်နိုင်ငံအကြား သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ကျန်ရှိနေမည် ဖြစ်ကြောင်းနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား မိမိတို့ မြန်မာနိုင်ငံဘက်မှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲနှင့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုတောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁) အား ပြန်လည် ပြုပြင်မွမ်းမံခြင်း စီမံကိန်းအား ယွမ်သန်း ၂၂၀ အကုန်အကျခံ၍ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏသည် ပရိသတ် ၁၀,၈၂၅ ဦး ဝင်ဆံ့ပြီး ဖွင့်လှစ်စဉ်မှ ယခုအထိ နှစ်ကာလကြာမြင့်စွာ နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် အခမ်းအနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးခဲ့သည့် အားကစားရုံဖြစ်ကြောင်း သိရသည်။ (Xinhua)