မြန်နှုန်းမြင့်ရထားလမ်း၊ မြန်နှုန်းမြင့်ဖွံ့ဖြိုးရေး

CRI, December 5, 2021
Size:

၅ နှစ်ကြာ တည်ဆောက်ခဲ့သော တရုတ်-လာအို ရထားလမ်းဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ စတင်ပြေးဆွဲပြီ ဖြစ်ပါတယ်။ တရုတ်-လာအို ရထားလမ်း ချိတ်ဆက်ဖောက်လုပ်ပြေးဆွဲနိုင်ခြင်းဖြင့် လာအိုနိုင်ငံရဲ့ အနာဂတ်  စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးရာ ကိစ္စတွေ အရှိန်အဟုန်နဲ့ တိုးတက် ဖွံ့ဖြိုးဖို့ လမ်းကြောင်းပေါ်ရောက်သွားပြီလို့ ပြောလာသူက မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင် ဦးခင်မောင်စိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှုမြင်သုံးသပ်ချက်များကို ဆက်လက်ဖတ်ရှုကြည့်ရအောင်လားရှင်။

ရထားပို့ဆောင်ရေးလုပ်ငန်းအကြောင်းကို ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်။ အဲဒီအတွက် ဆက်စပ်နေတဲ့အကြောင်းတရားတွေအများကြီးရှိပါတယ်။ ပထမဆက်စပ်တဲ့အကြောင်းက ကျွန်တော့်အဖေနဲ့အမေက မြန်မာ့မီးရထား အငြိမ်းစားဝန်ထမ်းတွေပါ။ ကျွန်တော့်အဖေက မြန်မာ့ မီးရထားစက်မှုအင်ဂျင်နီယာဌာနမှာ နှစ်ပေါင်း (၄၀) လောက် အလုပ်လုပ်ခဲ့ပါတယ်။ အဖေက  အင်ဂျင်နီယာမှူးကြီး (စက်မှုစစ်ဆေးရေး) တာဝန်ကို နောက်ဆုံးယူခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ နှစ်ပြည့် ပင်စင်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။ ကျွန်တော့်အဖေနဲ့ သူရဲ့ဌာနက အဆင့်ဆင့်သော လုပ်ဖော် ကိုင်ဖက်တွေမှာ မြန်မာ့မီးရထားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကူးအိမ်မက်တွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်အဖေက အခုအချိန်မှာ အသက် (၈၀) ကျော် နိုင်ငံသား တစ်ယောက်ဖြစ်နေပေမဲ့ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ မီးရထားဌာနကြီးကို အတော်သံယောဇဉ်ကြီးပါတယ်။ အခြားတိုင်းပြည်တွေက မီးရထားလုပ်ငန်းတွေ အလွန်တိုးတက်နေတာကိုလည်း သူ ကောင်းကောင်း သိပါတယ်။ စိတ်မကောင်းစရာကတော့ အခုအချိန်ထိ ကျွန်တော့်အဖေနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျှော်လင့်ချက် အိမ်မက်တွေ ဘာတစ်ခုမှ ဖြစ်မလာသေးပါဘူး။

ဒုတိယဆက်စပ်တဲ့အကြောင်းက ၂၀၁၈ ခုနှစ်မှာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ တစ်ခု တက်ရောက်ဖို့ ကျွန်တော် တရုတ်နိုင်ငံကို သွားခဲ့ရပါတယ်။ ယူနန်အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် နည်းပညာ ဖလှယ်မှုဆိုင်ရာ ဗဟိုဌာန (YICETE) က  "အာဆီယံနိုင်ငံများအတွက် အခြေခံ အဆောက်အအုံ ချိတ်ဆက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၁၈" (2018 Seminar on Infrastructure Connectivity Cooperation for ASEAN Countries) ကို ဦးဆောင်ကျင်းပခဲ့တာပါ။ ရက်သတ္တပတ် (၂) ပတ်ကျော်ကြာ ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲအတွင်း လာအိုပြည်သူ့သမ္မတနိုင်ငံက မိတ်ဆွေ (၁၅) ဦးနဲ့အတူ နိုင်ငံတကာအဆင့် ဟိုတယ်တစ်ခုမှာအတူ နေခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဟူးပေပြည်နယ်ရဲ့ မြို့တော်ဝူဟန်မြို့မှာရှိတဲ့ ကုန်ရထားသယ်ယူရေးဗဟိုဌာန Wuhan CRIntermodal ကိုလည်း လာအိုမိတ်ဆွေတွေနဲ့အတူ သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။ တရုတ်ပြည်မှာ လူပြောများတဲ့ "ချမ်းသာဖို့ လမ်းကို အရင်ဆောက်ပါ" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ဝူဟန်လေ့လာရေးခရီးက ကျွန်တော့်ကို အချက်အလက်များစွာ၊ အကြောင်းအကျိုး စုံလင်စွာနဲ့ အများကြီး ရှင်းပြနိုင်ခဲ့ပါတယ်။

အာရှရဲ့မီးရထားသမိုင်းကို ပြန်ပြီးလေ့လာရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အာရှတိုက်မှာ မီးရထားလမ်း ပထမဦးဆုံး ရရှိခဲ့တဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး မီးရထားလမ်းကို ၁၈၇၆ ခုနှစ်မှာ ပြေးဆွဲနိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးရထားလမ်းကို မေလ(၁) ရက် ၁၈၇၇ခုနှစ်မှာ ပြေးဆွဲနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဦးဆုံးရထားက ဗြိတန်နိုင်ငံ ဝေလပြည်နယ်မှာ ၁၈၀၄-ခုနှစ်မှာ ပြေးဆွဲခဲ့တာပါ။

အရာရာဟာ အချိန်တိုင်းမှာ ပြောင်းလဲနေတာဟာ သဘာဝနိယာမတစ်ခုပါ။ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တံခါးဖွင့်ဝါဒတွေဟာ အလွန်မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအများအပြား ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပါတယ်။  တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုများစွာထဲက ရထား ပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ကမ္ဘာ့စံချိန်တင်လောက်အောင် အောင်မြင်မှု အများအပြား ရနေပါတယ်။ လူသားတွေရဲ့သမိုင်းမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဟာ ကံကြမ္မာကို ပြောင်းလဲပေးသူများအဖြစ် နိုင်ငံအသီးသီးက အသိအမှတ်ပြုကြရပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက တရုတ်နိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံးမြန်နှုန်းမြင့်ရထားလမ်း ကီလိုမီတာ ၂၀,၀၀၀ (၁၂,၄၂၇ မိုင်) ကျော်ကို ပိုင်ဆိုင်ထားပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအားလုံးရဲ့ မြန်နှုန်းမြင့် ရထားလမ်းတွေအားလုံးပေါင်းရင်တောင် တရုတ်ပြည်ပိုင်ဆိုင်ထားတဲ့ အဲဒီအကွာအဝေးလောက် မရှည်ဘူးလို့ မှတ်တမ်းတွေက ဆိုပါတယ်။ ၂၀၂၅ ခုနှစ်ရောက်ရင် တရုတ်ပြည်မှာ မြန်နှုန်းမြင့်ရထားလမ်းအရှည် နောက်ထပ် ကီလိုမီတာ ၁၅,၀၀၀ (၉,၃၂၀ မိုင်) တိုးချဲ့ဖို့ တရုတ်ပြည်က စီမံကိန်းရေးဆွဲထားတယ်လို့လည်း သိရပါတယ်။ အဆင့်မြင့်ရထား ပို့ဆောင်ရေး လုပ်ငန်းကို ကမ္ဘာပေါ်မှာ တရုတ်ပြည်က ဦးဆောင်နေပါပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။

တရုတ်-လာအိုပူးပေါင်းပြီး ကီလိုမီတာ ၂၀,၀၀၀ (၂၅၇ မိုင်) အရှည် ဘိုတန်-ဗီယင်ကျန်း (Boten–Vientiane railway) “လန်ချန်း" အမြန်ရထားလမ်း အောင်မြင်စွာဖွင့်လှစ်နိုင်မှုဟာ မဲခေါင်ဒေသနိုင်ငံများအပြင်၊ အာဆီယံဒေသနဲ့ အာရှတိုက်နိုင်ငံများအတွက်ပါ အောင်မြင်မှုကြီး တစ်ခုလို့ ကျွန်တော်ဒီလိုပဲ သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် အာရှရဲ့ ကုလသမဂ္ဂခန့်မှန်းခြေလူဦးရေက ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၅၉.၇၆ % နှင့် ညီမျှပါတယ်။ ခန့်မှန်းခြေစာရင်းအရ ကမ္ဘာ့လူဦးရေ စုစုပေါင်းက ၇.၉ ဘီလီယံ နီးပါး ရှိပါတယ်။ တစ်နည်းပြောရရင် အာရှတိုက်မှာ လူဦးရေ ၄.၇ ဘီလီယံကျော်ရှိပါတယ်။ သီအိုရီအရ ပြောရရင် ၂၁ ရာစုထောင်စုနှစ်ဟာ အာရှထောင်စုနှစ် ဖြစ်တယ်။ အဓိကအကြောင်းကတော့ ကမ္ဘာ့စီးပွားရေးရဲ့ ဆွဲငင်အားက (Global Economy's Shifting of Economic Gravity) အာရှတိုက်ကို ရွေ့လျားပြောင်းလဲနေတာပဲဖြစ်ပါတယ်။  စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးရာတွေအားလုံးဟာ "တစ်နွယ်ငင် တစ်စင်ပါ" ဆိုသလို တစ်ခုနဲ့ တစ်ခုနီးကပ်စွာ ရောယှက်နေတာ သဘာဝအမှန်တရားပါ။

ကမ္ဘာပေါ်မှာ ကုန်းတွင်းပိတ်နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတွေရဲ့ စုစုပေါင်း ဧရိယာအကျယ်အဝန်းက ကမ္ဘာကြီးရဲ့  ၅ ပုံ ၁ ပုံ ပမာဏရှိပါတယ်။ လာအိုနိုင်ငံက အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံပေါ့။ တစ်နာရီ ကီလိုမီတာ ၁၆၀ (၁၀၀ မိုင်) ပြေးတဲ့ “လန်ချန်း" အမြန်ရထားလမ်းရဲ့ ကျေးဇူးကြောင့် လာအိုနိုင်ငံနေ ကူမင်းကို ၃ နာရီ ခရီးအတွင်း လျှင်မြန်စွာ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ လာအိုရဲ့ အနာဂတ်  စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးရာ ကိစ္စတွေလည်း အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးဖို့ လမ်းကြောင်းပေါ်ရောက်သွားပါပြီ။ နိုင်ငံတစ်နိုင်ရဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် ဒေသတွင်းအခြေခံအဆောက်အအုံချိတ်ဆက်မှု ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးပါပါတယ်။ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt & Road Initiative) ရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာရှ၊ ဥရောပ၊ အာဖရိက နိုင်ငံများမှာ ချိတ်ဆက်မှုအတွက် “လန်ချန်း" အမြန်ရထားလမ်းက အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်သွားပါပြီ။ မကြာခင်အနာဂတ်ကာလမှာလည်း လာအိုအမြန်ရထားလမ်းဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်္ကာပူတို့အထိ ချိတ်ဆက်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာအကြီးဆုံး လွတ်လပ်စွာကုန်သွယ်မှုစာချုပ်ဖြစ်တဲ့ "ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (အာဆက်ပ်= RCEP= Regional Comprehensive Economic Partnership) အောင်မြင်ဖို့အတွက်လည်း လာအိုနိုင်ငံက စနစ်တကျပြင်ဆင်မှု စတင်လိုက်တာလို့လည်း ပြောနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt & Road Initiative) ရဲ့ အောင်မြင်မှုအတွက် အမှန်တကယ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ပထဝီဝင်တည်နေရာဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်းမှာရှိတဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံရဲ့ကုန်းတွင်းပိတ် အရှေ့မြောက် ပြည်နယ် ၈ ခုကို ပင်လယ်ထွက်ပေါက်နဲ့ အာဆီယံဒေသတွင်းချိတ်ဆက်မှုကို မဟာဗျူဟာလမ်းကြောင်းကြီးပေးနိုင်တဲ့ တံတားကြီးတစ်စင်းအဖြစ် တည်ရှိနေပါတယ်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အောင်မြင်ဖို့ အတွက်လည်း မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

မြန်မာ့ပြည်တွင်းနိုင်ငံရေးအကြောင်းအမျိူးမျိုးကြောင့် နှောင့်နှေးနေရတဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်စီမံကိန်းများ အချိန်မနှောင်းခင် ပြန်လည်စတင်နိုင်ရေးအတွက် နိုင်ငံသားကောင်းတစ်ယောက် (well-informed and reflective citizen) အနေနဲ့ အမြဲစိတ်ကူး ကြံစည်ကြိုးစားလေ့လာနေပါတယ်။ ဒေသတွင်းမိတ်ဆွေများ၊ တရုတ်မိတ်ဆွေများနဲ့အတူ စွမ်းရည်မြှင့်တင်ရေးနှင့် အသိပညာမျှဝေခြင်း (Capacity Building & Knowledge Sharing) ကဏ္ဍတွေမှာ ကျွန်တော်ဟာ အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းစဉ်များ မြန်မာနိုင်ငံတွင် အမြန်ဆုံးပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။