တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်ရေး ဆုတောင်းပွဲအခမ်းအနားသို့ လာအိုနိုင်ငံဝန်ကြီးချုပ် တက်ရောက်

CRI, December 3, 2021
Size:

လာအိုနိုင်ငံ ဝန်ကြီးချုပ် Phankham Viphavanh သည် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်ရေးအတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂ ရက်က တက်ရောက်ခဲ့ကြောင်း သိရသည်။

အရှည် ၁,၀၃၅ ကီလိုမီတာရှိသော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်နှင့် ဗီယင်ကျန်းမြို့အား ချိတ်ဆက်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်၌ ဖွင့်လှစ်ရန် စီစဉ်ထားသည်။

လာအိုနိုင်ငံတွင် Beuk Sokxayamoungkhoun ဟု လူသိများသော အဆိုပါ အခမ်းအနားသည် လာအိုရိုးရာဓလေ့တွင် အရေးပါသော ဘာသာရေးဆောင်ရွက်မှုတစ်ခု ဖြစ်သည်။ အဆိုပါ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့သည် မကောင်းသောအရာများကို ဖယ်ရှားပေးပြီး ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးမည်ဟု ပြည်သူများက ယုံကြည်ထားကြသည်။

ဒီဇင်ဘာ ၂ ရက်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ၄၆ နှစ်ပြည့်အခါသမယလည်း ဖြစ်သည်။ လာအိုနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရထားလမ်းအား အောင်မြင်စွာတည်ဆောက်ခြင်းနှင့် အခြားသော အဓိကအောင်မြင်မှုများကို မီးမောင်းထိုးပြလျက် လာအိုသမ္မတ Thongloun Sisoulith က နိုင်ငံ၏ အရေးပါသောအခါသမယ၌ မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်းတည်ဆောက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်တင်နှင့် ကုန်တင်လျှပ်စစ်ရထားလမ်းအား တရုတ်နိုင်ငံ၏စီမံခန့်ခွဲမှုနှင့် နည်းပညာစံချိန်စံနှုန်းများဖြင့် အပြည့်အဝတည်ဆောက်ခဲ့ကြောင်း သိရသည်။ (Xinhua)