တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ၊ ဝန်ကြီးချုပ် ဟွန်ဆန်က လေဆိပ်တွင် ကိုယ်တိုင် ကြိုဆို

CRI, November 19, 2021
Size:

တရုတ်နိုင်ငံမှ ကမ္ဘောဒီယားနိုင်ငံသို့ ကူညီပံ့ပိုးပေးသော သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများအား ကြိုဆိုလက်ခံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Banh၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းတို့သည် လေဆိပ်၌ ကျင်းပသည့် ကြိုဆိုပွဲအခမ်းအနားသို့အတူတကွ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်နိုင်ငံသည် ကာကွယ်ဆေးဝယ်ယူရေးနှင့်ကူညီပံ့ပိုးမှုများကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ပေးပြီး ကမ္ဘောဒီယားနိုင်ငံ ပထမအဆင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ဖြစ်သည့် အသက် ၆ နှစ်နှင့်အထက် လူအုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ် ကြိုတင်ပြီးမြောက်အောင် ကူညီပေးခဲ့ကြောင်း၊ ယင်းအစီအစဉ်သည် နိုဝင်ဘာ ၁ ရက်တွင် ပြီးမြောက်ခဲ့ရာ နိုင်ငံတစ်ဝန်းကဏ္ဍအသီးသီးတွင် တစ်ဆင့်စီ ပြန်လည်တံခါးဖွင့်လှစ်လျက်ရှိပြီး စီးပွားရေးပြန်လည်ရှင်သန်ရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများနှင့် ကင်းကွာ၍ မရကြောင်း၊ တရုတ်ကာကွယ်ဆေးသည် ကမ္ဘောဒီယားတွင် ပြည်သူ့ကျန်းမာရေးလုံခြုံမှု၊ ပြည်သူ့အသက်အိုးအိမ်ကယ်ဆယ်ရေး၏ အဓိကဖြစ်နေကြောင်း ဟွန်ဆန်က ဆိုသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား အကျပ်အတည်းတွေ့ကြုံသည့်အခါတိုင်း အချိန်မီ၊ တောင်းဆိုချက်မရှိ ကူညီထောက်ပံ့မှုများ အစဉ်အမြဲပေးလျက်ရှိရာ သံမဏိသဖွယ်ခိုင်မာသည့် မိတ်ဆွေရင်းချာဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းက တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘောဒီယားနိုင်ငံက ရရှိသည့် ကာကွယ်ဆေးစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းရှိပါကြောင်း၊ ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုထိရောက်မှုများကြောင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးပြုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် အချိန်မှစပြီး တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံ ပြည်သူများသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ အပြန်အလှန်ဖေးမကူညီခဲ့ကြပါကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်ပြည်သူများက ကမ္ဘောဒီးယားပြည်သူများနှင့်အတူ အစဉ်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်များအရ တစ်နိုင်ငံလုံးတွင် လူပေါင်း ၁၄ သန်း ကျော်သည် အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ရာ တစ်နိုင်ငံလုံးလူဦးရေ၏ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် ၁၃.၂ သန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)