တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ Vaccine များ ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိ

CRI, November 13, 2021
Size:

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းများထဲမှ ၁ သန်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

 မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့အတူ ဗီဒီယိုစနစ်ဖြင့် ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပပါသည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ထပ်ဆင့်ကူညီနိုင်ရန်အတွက် ယခုအကြိမ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Sinovac ကာကွယ်ဆေး ၃ သန်း ထပ်မံပေးအပ်ပြီး အချိန်တိုအတွင်း လွှဲပြောင်းပေးအပ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ ကံကြမ္မာအသိုက်အဝန်း စိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ ယခုအကြိမ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံလူငယ်ကျောင်းသားကျောင်းသူများ ထိုးနှံရန်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ကာကွယ်ဆေး လွှမ်းခြုံမှုနှုန်းမြှင့်တင်ရေး၊ မြန်မာနိုင်ငံဒေသအသီးသီး၌ ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး စုစုပေါင်း ၃၈.၇၉ သန်း ထောက်ပံ့ပေးခဲ့ပြီး ၎င်းတို့အနက် ၈.၉ သန်းသည် လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆက်တိုက်လုပ်ဆောင်ရန် လိုအပ်ချက်နှင့်အညီ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် ကာကွယ်ဆေးကို မြန်မာနိုင်ငံ၌ ပုလင်းဖြင့်ထုတ်လုပ် ပူးပေါင်းဆောင်ရွက်ရန်လည်း တက်တက်ကြွကြွ ဖော်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေးအရည်အသွေး မြှင့်တင်မှုကို အကူအညီပေးရန်အတွက် ယခုနှစ် ဇန်နဝါရီလက စတင်ဖော်ဆောင်ခဲ့သော တရုတ်နိုင်ငံမှအကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းကို ကပ်ရောဂါအခက်အခဲများကို ကျော်ဖြတ်၍ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီမှုများသည် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ဖြစ်ပြီး မြန်မာပြည်သူလူထု၏ လူနေမှုဘဝ အကျိုးစီးပွားများကို အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အဆက်မပြတ်ကူညီမှုများ ပေးအပ်မှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ကပ်ရောဂါ ဖြစ်ပွားလာကတည်းက မြန်မာ-တရုတ် နှစ်နိုင်ငံသည် အလွန်ထိရောက်သည့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ခဲ့ကြောင်း၊ ကာကွယ်ဆေး ကူညီပေးမှုအပြင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် ပူးပေါင်းတည်ဆောက်သည့် မူဆယ်-ရွှေလီ ကိုဗစ်-၁၉ ကုသရေးစင်တာကိုလည်း အောင်မြင်စွာ စတင်အသုံးပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးအပိုင်းမှာလည်း အထူးစီစဉ်မှုများ လုပ်ဆောင်ပေးခဲ့ကာ တရုတ်နိုင်ငံမှ အောက်ဆီဂျင်အရည်၊ အသက်ရှူစက်၊ အောက်ဆီဂျင်စက် တင်သွင်းရေးအတွက် အာမခံချက်ပေးသည့်အတွက် နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို ထင်ဟပ်စေပါကြောင်း၊ မြန်မာနိုင်ငံကလည်း စိတ်နှလုံးတွင်မှတ်သားထားပြီး တရုတ်နိုင်ငံနှင့်အတူ ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှု ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။